03
Oct

ကယားပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အပံ့ဖြစ်စေမည့်မူဝါဒ ပေါ်ထွန်းလာရေးဆိုင်ရာသုတေသန လုပ်ငန်းစဉ်များ

၁။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့တွင် ‌ဟော်တယ်လွိုင်ကော်တွင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ငြိမ်းဖောင်ဒေးရှင်းတို့ဖြင့် မူဝါဒဖော်ထုတ်ခြင်းလုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ ပါသည်။

၂။   အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၏ ရလဒ်များအရ ကယားပြည်နယ်လွှတ်တော် ဥက္ကဌ၏ လမ်းညွှန်ချက်နှင့်အညီ ကယားပြည်နယ်လွှတ်တော်ရုံး ဝန်ထမ်း(၃)ဦးသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက် နေ့မှ (၃၀)ရက်နေ့အထိ ရန်ကုန်မြို့၊ Orchid Hotel တွင် ငြိမ်းဖောင်ဒေး ရှင်းမှ ဦးစီးကျင်းပသည့် “ပြည်သူ့ရေးရာမူဝါဒလုပ်ငန်းစဉ်ဆိုင်ရာသင်တန်းနှင့် သုတေသနနည်း စနစ်ဆိုင်ရာနှင့် အကြောင်းအရာ ပိုင်းဆိုင်ရာသင်တန်း” သို့ ကရင်ပြည်နယ်လွှတ်တော်ရုံး၊ မွန်ပြည်နယ်လွှတ်တော်ရုံးနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးအပါအဝင် လွှတ်တော်ရုံး(၄)ခု ပါဝင်တက်ရောက်ခဲ့ပါသည်။

၃။  အဆိုပါ သင်တန်းတွင် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် တစ်ခုစီ၌ သုတေသနပြုလုပ်လို သော ခေါင်းစဉ်တစ်ခုစီ ရွေးချယ်အဆိုပြုပေးရန်ဖြစ်ပြီး ကယားပြည်နယ်လွှတ်တော်အနေဖြင့် “ကယားပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ကိုင်နေသော တောင်သူလယ်သမားများကြုံတွေ့ နေရသည့် အခက်အခဲများအား ထိရောက်စွာကူညီဖြေရှင်းနိုင်သည့် မူဝါဒတစ်ရပ်ပေါ်ထွက် လာရန်” ဟုဆိုသော ခေါင်းစဉ်ဖြင့် အဆိုပြုဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။

၄။  ယင်းခေါင်းစဉ်နှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုချက်များအရ မူဝါဒဆိုင်ရာ သုတေသန ဆောင်ရွက်မည့် လုပ်ငန်စဉ်များကို ရေးဆွဲဆောင်ရွက်ခဲ့ပြီး  ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကယားပြည်နယ်လွှတ်တော်နှင့် ငြိမ်းဖောင်ဒေးရှင်းအဖွဲ့တို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ မတ်လ(၁၂)ရက်နေ့ ကယားပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌမှ ဦးဆောင်၍ သက်ဆိုင်ရာပြည်နယ်ဝန်ကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ရေးရာ ကော်မတီဝင်များ၊ သက်ဆိုင်ရာ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းများ၊ အရပ်ဖက်အဖွဲ့အစည်း များနှင့် ငြိမ်းဖောင်ဒေးရှင်းတို့ အပါအဝင် စုစုပေါင်း(၆၇)ဦးဖြင့် “ကယားပြည်နယ်၏ စိုက်ပျိုး ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ၏ လက်ရှိအခြေအနေအား လေ့လာမည့် သုတေသနဒီဇိုင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

၅။ အလုပ်ရုံဆွေးနွေးပွဲ၏ အကြံပြုချက်များအရ ကယားပြည်နယ်တွင် တောင်သူလယ်သမား များ၏ စိုက်ပျိုးရေးဆိုင်ရာအခက်အခဲများကို ဖြေရှင်းပေးနိုင်မည့် စိုက်ပျိုးရေးမူဝါဒပေါ်ထွန်း လာရေးအား လေ့လာမည့်သုတေသနစစ်တမ်း မေးခွန်းများရေးဆွဲပြီး ၂၀၁၉ ခုနှစ်၊ မေလ(၂) ရက်နေ့၌လည်းကောင်း၊ မေလ(၆)ရက်နေ့၌လည်းကောင်း ကယားပြည်နယ်လွှတ်တော်အစည်း အဝေးခန်းတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းများ၊ တောင်သူလယ်သမားများနှင့် ငြိမ်းဖောင် ဒေးရှင်းတို့ဖြင့် သုတေသနစစ်တမ်းပုံစံနှင့် ဒီဇိုင်းဆိုင်ရာများကို ပြန်လည်သုံးသပ်သည့်အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

၆။ ၂၀၁၉ ခုနှစ်၊ မေလ (၁၃)ရက်နေ့မှ ဇူလိုင်လ (၁၂)ရက်နေ့အထိ ကယားပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ရပ်ကွက်(၂၄)ရပ်ကွက်၊ ကျေးရွာပေါင်း (၅၆)ရွာ၊ လူဦးရေပေါင်း (၅၁၅)ဦး တို့အား {အုပ်စုဖွဲ့ဆွေးနွေးခြင်းပုံစံ Focus Group Discussion Form(FGD)၊ တစ်ဦးချင်း လေ့လာ ဆန်းစစ်ခြင်းပုံစံ Surveys Form ၊ အဓိကမေးမြန်းခြင်းပုံစံ Key Inform Interview (KII)၊} ကွင်းဆင်းပြီး သုတေသနနှင့် စစ်တမ်းကောက်ယူဆောင်ရွက်ခဲ့ပြီးဖြစ်ပါ သည်။

၇။ သုတေသနစစ်တမ်းကောက်ယူရရှိသော အချက်အလက်များကို စုစည်းလေ့လာဆောင်ရွက် လျက်ရှိပြီး သုတေသန ရလဒ်များကို အခြေခံ၍ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မတီ၊ ဥပဒေလေ့လာစိစစ်အကြံပြုရေးဆိုင်ရာကော်မတီ၊ သက်ဆိုင်ရာ ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ လွှတ်တော်ရုံးဝန်ထမ်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်း များ၊ ငြိမ်းဖောင်ဒေးရှင်းတို့ဖြင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း အကြံပြုဆွေးနွေးပွဲ (၂)ကြိမ် ပြုလုပ်သွားရန် ရည်မှန်းထားပါသည်။

၈။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် သန္ဓိစွမ်းရည်မြှင့်တင်ရေးအဖွဲ့နှင့် ငြိမ်းဖောင် ဒေးရှင်းအဖွဲ့တို့ ဦးဆောင်ပြီး ကယားပြည်နယ်လွှတ်တော်ရုံး ဝန်ထမ်းများပါဝင်၍ မူဝါဒစာတမ်း ရေးသားခြင်းဆိုင်ရာသင်တန်းနှင့် မူဝါဒစာတမ်းရေးသားပြုစုရန် မျှော်မှန်းထား ပါသည်။

၉။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ရေးဆွဲပြုစုထားသော မူဝါဒစာတမ်းအား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ ဥပဒေ လေ့လာစိစစ်အကြံပြု ရေးဆိုင်ရာကော်မတီ၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တောင်သူလယ်သမားများသို့ တင်ပြရန် မျှော်မှန်းထားပါသည်။