14
May

ကယားပြည်နယ် အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း စီမံချက် မူကြမ်းရေးဆွဲရေး ညှိနှိုင်းဆွေးနွေး

လွိုင်ကော် ဇူလိုင် ၉

ကယားပြည်နယ်ရှိ အမျိုးသမီးများ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်ချက်များ ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်၍ ကယားပြည်နယ် အမျိုးသမီးများငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက် မူကြမ်းရေးဆွဲရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၀၉း၀၀) နာရီအချိန်တွင် ကယားပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးက အဖွင့်အမှာစကားပြောကြားရာတွင် ကယားပြည်နယ်သည် ၂၀၁၂ခုနှစ် ကတည်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ငြိမ်းချမ်းတည်ငြိမ်နေသော ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ကယားပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးရေအနေဖြင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၆ ဦး ၊ ရာခိုင်နှုန်းအားဖြင့် ၁၅.၃၈ ရာခိုင်နှုန်းသာရှိပါကြောင်း၊ UNSCR 1325 ဆွေးနွေးပွဲတွင် ပြုစုခဲ့သော ရည်ရွယ်ချက်များ၌ ကယားပြည်နယ်တွင် ဦးစားပေးလုပ်ဆောင်သင့်သော အမျိုးသမီးများငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ အမျိုးသမီးများငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်မှုများ၊ စီးပွားရေး စွမ်းရည်မြှင့်တင်ခြင်းနှင့် အလုပ်အကိုင်ဆိုင်ရာ စွမ်းဆောင်ချက်များ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်များ၊ သဘာဝသယံဇာတအရင်းအမြစ်များ၊ သဘာဝပတ်ဝန်းကျင်နှင့် မြေယာအခွင့်အရေး ဆိုင်ရာဆောင်ရွက်ချက်များအတွက် ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုလို အမျိုးသမီးများ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရန်ပုံငွေရရှိရေးသင်တန်းများဖွင့်ပေးခြင်းဖြင့် ရပ်ရွာလူထုအား နိုးကြားလာ စေခြင်း၊ လိင်အခြေပြု အကြမ်းဖက်မှုကျူးလွန်ခံရသူများကို ပိုမို ထိရောက်လျင်မြန်စွာ တုန့်ပြန်စေနိုင်ရေး၊ အမျိုးသမီး အပါအဝင် အမျိုးသားနှင့် လူငယ်များကိုပါ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးကဏ္ဍ အသီးသီးလျာထား သတ်မှတ်ခြင်းများ အောင်မြင်ပါစေ၊ ယခုအခမ်းအနားကို တက်ရောက်လာသူများကလည်း ရေရှည်တိုးတက်ဖွံ့ဖြိုးစေမည့် နည်းလမ်းကောင်းများကို ဆွေးနွေးအကြံပြုနိုင်ပြီး အမျိုးသမီးထုအတွက် သာမကဘဲ အမျိုးသားနှင့် လူငယ်များအတွက်ပါ ရလာဒ်ကောင်းများ ထွက်ပေါ်လာစေမည့် အောင်မြင်သောဆွေးနွေးပွဲ ဖြစ်ပါစေဟု ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် UN Women အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကြံပေးအရာရှိ Dr.Eria Kamlerမှ ပြည်နယ်အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးရေးလုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး UNSCR 1325 ဆွေးနွေးပွဲတွင် ပြုစုခဲ့သော ရည်ရွယ်ချက်များ၊ ဦးစားပေးမှုနှင့် ပြည်နယ်အဆင့်လုပ်ဆောင်ရန်များအား ပြည်နယ်၏ အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် လိုအပ်သောအချက်များ ပိုမိုနားလည်လာစေရန်အတွက်ငြိမ်းချမ်းရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ဆောင်ရန်များ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာလုပ်ဆောင်ရန်များ၊ စီးပွားရေးစွမ်းရည်မြှင့်တင်ခြင်းနှင့် အလုပ်အကိုင်ဆိုင်ရာ လုပ်ဆောင်ရန်များ စသည့်အချက်များကို ဆွေးနွေးရာ တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေး ဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။