03
Sep

ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပပြီးစီး

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၃)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၁၃)ဦး၊ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၅)ဦး၊ ဗမာ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း (၁၉)ဦးတက်ရောက်ကာ  အစည်း အဝေးမတက်ရောက်နိုင်၍ ခွင့်ပန်ကြားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁)ဦးရှိ သည့်အတွက် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရေ စုစုပေါင်း(၉၅)ရာခိုင်နှုန်း တက်ရောက်ကြပါသည်။

‌‌မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်တွင် ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်၏ “၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်းရှိ မြေယာရှုခင်းလုပ်ငန်းများသည် မည်သည့် ရန်ပုံငွေ အမျိုးအစားဖြင့်ဆောင်ရွက်ပြီး  မည်သည့်နေရာများတွင်ဆောင်ရွက်ခြင်း၊   ရန်ပုံငွေမည်မျှ သုံးစွဲခြင်းကိုသိရှိလိုခြင်း” မေးခွန်း၊ “ပြည်နယ်အစိုးရအဖွဲ့ ခရီးစဉ်တိုင်းတွင် ဒေသခံ ပြည်သူများအား အလှူငွေများပေးအပ်ခြင်းနှင့် စပ်လျဉ်းပြီး သိရှိလိုခြင်း” မေးခွန်းနှင့် “ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ စက်မှုဇုန်မြေယာနှင့်ပတ်သက်၍ သိရှိလိုခြင်း” မေးခွန်း တို့ကို သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့ ပါသည်။

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)”နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက အကြံပြု ဆွေးနွေး နိုင်ကြောင်း ကြေညာခဲ့ရာ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး မြင့်ဝေက ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ အစီရင်ခံစာအပေါ် အကြံပြု ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ပြီး ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေ(မူကြမ်း)”တစ်ရပ်လုံးနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရ အဖွဲ့အောက်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တောင်းခံထားသော တန်ဖိုးနည်းအိမ်ရာ (၃၅)လုံး ကျပ် (၂၈၇.၀၀၀)သန်းအား မူလဥပဒေကြမ်းပါအတိုင်း ခွင့်ပြုခြင်း၊ ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တောင်းခံထားသော မြေယာရှုခင်းပြုလုပ်ခြင်း လုပ်ငန်းကျပ်(၈၁၀.၂၁၅)သန်း လျှော့၍ခွင့်ပြုခြင်းနှင့် ပုဒ်မ ၄ တွင် ပုဒ်မခွဲ (ဃ) ဖြည့်စွက် ခြင်း”အား ပြည်နယ်လွှတ်တော်တွင် အတည်ပြုကြောင်းကြေညာခြင်းတို့ ဆောင်ရွက်ခဲ့ပါ သည်။

ကယားပြည်နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)”နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးနိုင်ကြောင်း ကြေညာခဲ့ရာ ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က အကြံပြု ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ပြီး “ကယားပြည်နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ဥပဒေ(မူကြမ်း)”ကို ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်ချက်အစီရင်ခံစာနှင့်အညီ ပြည်နယ်လွှတ်တော်တွင် အတည်ပြုကြောင်းကြေညာခြင်း ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ်၊ ကယားပြည်နယ်စည်ပင်သာယာရေးဥပဒေ(မူကြမ်း)”အား ဖားဆောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေ က ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်း၊ ၂၀၂၀ ပြည့်နှစ်၊ ကယားပြည်နယ်စည်ပင် သာယာရေးဥပဒေ(မူကြမ်း)”နှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတင်ပြခြင်း၊ ၎င်းဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးခြင်းနှင့် အတည်ပြုခြင်း နောင်ကျင်းပမည့်လွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခြင်းတို့ ‌ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ (၁၀-၆-၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအ‌‌ဝေး(ပထမနေ့)တွင် ပြည်နယ် လမ်းပန်းဆက်သွယ်‌ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်မောင်ဖြူ တင်သွင်းခဲ့သော ကယားပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ်၊ (၁)နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက် မှုအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်တွင် မှတ်တမ်းတင်ကြောင်း ကြေညာခြင်း ဆောင်ရွက်ခဲ့ပါသည်။

ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီနှင့် တိုင်စာပစ်စာလေ့လာ ဆန်းစစ်ရေးအဖွဲ့တို့တွင် အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ထားသော ဦးနေထွန်းအား ကွယ်လွန် သွားပြီဖြစ်သဖြင့် ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီနှင့် တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့တို့တွင် အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်၍ ပြင်ဆင်ဖွဲ့စည်းခြင်းကို ပြည်နယ်လွှတ်တော်တွင် အတည်ပြုကြောင်း ကြေညာခြင်း ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန် အစည်းအဝေး(တတိယနေ့)ကို (၁၀း၅၀)နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။