ပြည်နယ်လွှတ်တော် ဥက္ကဌ

ပြည်နယ်လွှတ်တော် ဥက္ကဌ

ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် ဖွဲ့စည်းခြင်း

နောက်ခံသမိုင်း

ကယားပြည်နယ်လွှတ်တော်ရုံးသည် လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်၊  ကန္တာရ ဝတီလမ်းမကြီး၏ဘေး (၇)လမ်းနှင့် (၈)လမ်းအကြားတွင် တည်ရှိပါသည်။ ကယားပြည်နယ် လွှတ်တော်ရုံးအဆောက်အအုံဆောက်လုပ်ရန်အတွက် အကွက်အမှတ်(၁၉)၊ ဦးပိုင်အမှတ် (၁၁/က) ရှိ မြေဧရိယာ(၃.၁၃၁)ဧကကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက စွန့်လွှတ်အပ်နှံ၍ လက်ခံရရှိခဲ့ပြီး ပေ(၁၈၈×၁၁၁) အကျယ်အဝန်းရှိ RC (၂)ထပ်ကို ၂၀၁၇ – ၂၀၁၈ ခု၊ ဘဏ္ဍာရေး နှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို (၁၉ – ၅ – ၂၀၁၈) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ကယားပြည်နယ်လွှတ်တော်ရုံးကို ပြည်ထောင်စုလွှတ်တော်ရုံး၏ (၁၇-၁-၂၀၁၇) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၉/၂၀၁၇)နှင့် ကယားပြည်နယ်လွှတ်တော်ရုံး၏ (၁-၄-၂၀၁၇) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၇)တို့ဖြင့် ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံအသစ်နှင့်အညီ ဖွဲ့စည်းပုံခွင့်ပြုအင်အား(၁၂၄)ဦးတွင် ထက်ဝက်ဖွဲ့စည်းပုံအင်အား(၆၂)ဦးဖြင့် ဖွဲ့စည်းခွင့် ရရှိခဲ့ ပါသည်။ ယခုလက်ရှိတွင် ပြည်ထောင်စုလွှတ်တော်ရုံး၏ (၂-၇-၂၀၁၉)ရက်စွဲပါစာအရ သုံးပုံနှစ်ပုံ အင်အား(၈၂)ဦးဖြင့် တိုးချဲ့ဖွဲ့စည်းခွင့် ထပ်မံရရှိခဲ့ပါသည်။ လက်ရှိတွင် ကယားပြည်နယ် လွှတ်တော်ရုံးကို ဌာနခွဲ(၃)ခု၊ ဌာနစု(၁၁)ခုတို့ဖြင့် အရာထမ်း(၁၁)ဦး၊ အမှုထမ်း(၄၅)ဦး၊ စုစုပေါင်းဝန်ထမ်း(၅၆)ဦးတို့ဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

အဆောက်အအုံများဆောက်လုပ်ထားရှိမှုအခြေအနေ

ကယားပြည်နယ်လွှတ်တော်ရုံး ပရဝုဏ်အတွင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များ တည်းခိုနေထိုင်နိုင်ရန်အတွက် (၄)ခန်းတွဲ (၂)ထပ်၊  ပေ( ၉၀​ × ၃၀) အကျယ် ရှိ  Guest House (၁)လုံးနှင့် ဧည့်သည်တော်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ စားသောက် ရေးအဆင်ပြေစေနိုင်မည့် ပေ(၈၀×၄၀)အကျယ်ရှိ Canteen(၁)လုံး ဆောက်လုပ် ထားရှိပြီး ဖြစ်ပါသည်။ ကယားပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်နေအိမ်ကို ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းခွင့်ပြုငွေဖြင့် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ ညွှန်ကြားရေးမှူး နေအိမ်နှင့် ဝန်ထမ်းအိမ်ရာ (၆)ခန်းတွဲ (၂)ထပ်အိမ်ရာ (၂)လုံးကို ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေး နှစ်တွင် ငွေလုံးငွေရင်းခွင့်ပြုငွေဖြင့် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ ဒုတိယညွှန်ကြားရေးမှူး နေအိမ် ပေ(၃၅ X ၄၄ X ၁၂) RC(၁)လုံး၊ ခြံစည်းရိုး၊ ကားဂိုဒေါင်နှင့် ကွန်ကရစ်လမ်းကို တင်ဒါအောင်ငွေ ကျပ်သန်း(၇၅.၈၅၂)ဖြင့် လင်းလက်ရွှေတောင်ပံကုမ္ပဏီမှ ဆောက်လုပ်ပြီးစီး ခဲ့ပြီးဖြစ်၍ အဆောက်အဦအား  လွှဲပြောင်းလက်ခံဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

အဆောက်အအုံသစ်များ ဆောက်လုပ်မှုအခြေအနေ

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်တွင် လွှတ်တော်ရေးရာကော်မတီများခန်းမဆောင် RC (၂)ထပ် ပေ(၉၀ X ၆၂) ဆောက်လုပ်ခြင်းလုပ်ငန်းကို တင်ဒါအောင်ငွေကျပ်သန်း(၄၆၃.၁၇၄)ဖြင့် ကန္ဒရဝတီအောင် ဆောက်လုပ်ရေး ကုမ္ပဏီမှလည်းကောင်း၊ ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ (၃)ထပ် ပေ(၁၀၂ X ၃၀ X ၃၃) RC(၁)လုံး၊ ဆိုင်ကယ်စတန်းနှင့် ကွန်ကရစ်လမ်းကို တင်ဒါအောင်ငွေ ကျပ်သန်း(၂၉၉.၃၇၇)ဖြင့် ဧရာမြတ်ပြည်ကုမ္ပဏီမှလည်းကောင်း တာဝန်ယူ ဆောက်လုပ်လျက် ရှိပြီး သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများအပြီးအစီး ဆောင်ရွက်စေမည်ဖြစ်ပါ သည်။

Kayah State Hluttaw