15
May

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(တတိယနေ့) (၁၅-၆-၂၀၁၈) ရက်နေ့၌ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်း

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(တတိယနေ့) (၁၅-၆-၂၀၁၈) ရက်နေ့၌ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်း

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို ကျွန်တော်အနေနဲ့ နိဂုံးချုပ် အမှာစကားပြောကြား လိုပါတယ်။ ပထမအချက်အနေဖြင့် လွှတ်တော်ကိုယ်စား လှယ်များအနေနဲ့ လွှတ်တော်အစည်းအဝေး ခေါ်ယူထားသည့်နေ့ရက်မှာ သတ်မှတ်ထားတဲ့ရက်မှာ ကြိုတင်သတင်းပို့စေလိုပါတယ်။ ကြိုတင် သတင်းပို့မှသာ ရုံးလုပ်ငန်းဆောင်ရွက်ရာမှာ အဆင်ပြေမှာဖြစ်ပါတယ်။ လွှတ်တော်(၂)နှစ်ကျော် သက်တမ်းကာလမှာ အချို့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကြိုတင်သတင်းပေးပို့မှုမရှိသည့် အတွက် မိမိရုံးဝန်ထမ်းများမှ လွှတ်တော်ကိုယ်စားလှယ်များ၏ တက်ရောက်မှုရာခိုင်နှုန်းအား လွှတ်တော်ကျင်းပခါနီးအချိန်မှ ဆောင်ရွက်ရတာတွေ့နေရတဲ့အတွက် ရုံးလုပ်ငန်းဆောင်ရွက်မှု အဆင်ပြေစေရန်အတွက် ကြိုတင်သတင်းပေးပို့စေလိုကြောင်း ပြောကြားလိုပါတယ်။ ဒုတိယအချက် အနေဖြင့် အစိုးရအဖွဲ့တွေရဲ့ စီမံကိန်းကြီးများနဲ့ ပတ်သက်ပြီး လုပ်ဆောင်မည်ဆိုပါက ဗဟိုဦးစီး စနစ်နဲ့မလုပ်ဘဲ ပြည်သူနဲ့လွှတ်တော်ကို အသိပေးဖို့လိုပါမယ်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၂ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း (ည) ဒေသန္တရစီမံကိန်းဆိုတာဟာ ဥပဒေပြုဖို့ ပြဋ္ဌာန်းပေးထားတာပါ။ ပထမစီမံကိန်းကို ဥပဒေပြုပြီးမှ ဘတ်ဂျက်ကို လျာထားသင့် ပါတယ်။ အခု ယခုနှစ်ဘတ်ဂျက်လျာထားတဲ့ နမ့်တဘက်စီမံကိန်းဟာ တိုင်းတာမှုမပြီးသေးဘဲ ဘတ်ဂျက်ကို လျာထားခြင်း၊ နောက်မူလကားပိုင်ရှင်များနှင့် ညှိနှိုင်းမှုမရှိ၊ ခရီးသွားပြည်သူများ၏ ဆန္ဒတောင်းခံမှုလည်းမရှိဘဲ အဝေးပြေးကားဂိတ်အတွက် ဘတ်ဂျက်လျာထားချက်များနဲ့ ပတ်သက် ပြီး ပြန်လည်ပြုပြင် သုံးသပ်စေလိုပါတယ်။ ပြည်သူအတွက် လုပ်ပေးချင်တာတစ်ခုတည်းနဲ့ ဘတ်ဂျက် ကို စည်းလွတ်ဝါးလွတ် လျာထားခြင်းမပြုသင့်ကြောင်း ထောက်ပြလိုပါတယ်။ တတိယအချက် အနေဖြင့် ယခု ၂၀၁၈-၂၀၁၉ ဘတ်ဂျက်လျာထားချက်ကို လွှတ်တော်ကို တင်တဲ့နေရာမှာလည်း ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းအတိုင်း လုပ်ဖို့လိုပါမယ်။ ပြည်သူ့ဘဏ္ဍာငွေများကို လွှတ်တော်က နည်းလမ်းတကျဖြစ်အောင် စိစစ်ဆောင်ရွက်တဲ့အတွက် လွှတ်တော်ကို ကြားရက်မှာနားပြီး ကျင်းပ ရတာဖြစ်ပါတယ်။ ယခုကတော့ လျာထားချက်အပေါ် ဆွေးနွေးပြီး လိုတိုးပိုလျော့ ဆောင်ရွက်ဆဲ ရှိပါသေးတယ်။ ကယားပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာလျာထားချက်ကို ကယားပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေ အပိုဒ် ၁၄၆ အရ ဆွေးနွေးညှိနှိုင်းပြီး ပြည်ထောင်စု၏ဘဏ္ဍာရေး ကော်မရှင်သို့ တင်ပြညှိနှိုင်းပြီးမှသာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြန်ပေးပို့လာတဲ့ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအရ- ပြည်နယ်ဝန်ကြီးချုပ်၏ ထောက်ခံတင်ပြ ချက်အရဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်မှာ သဘောတူအတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျော့၍ခွင့်ပြုခြင်းတို့ကို အများဆန္ဒနှင့်အညီ ဆောင်ရွက်ရမှာပါ။ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်လို့ ပြည်နယ်အတွက်နစ်နာခဲ့ပါက သက်ဆိုင်ရာဝန်ကြီးက တာဝန်ယူရပါမယ်။ နိဂုံးချုပ် ပြောကြားလိုတာကတော့ မိမိနဲ့ မိမိဒေသတိုးတက်ဖို့ဆိုရင် တာဝန်ကိုသိရပါမယ်။ ကြိုးစားချင်စိတ် လည်း ရှိရပါမယ်။ ပြည်သူအတွက်ဆိုတဲ့ စိတ်လည်းထားရပါမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ၏ လမ်းညွှန်မှာကြားချက်စကားကို ပြောကြားရင်း နိဂုံးချုပ်ပါတယ်။