15
May

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)

ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့(၆-၂-၂၀၁၉)ရက်နေ့၌ ကယားပြည်နယ်ဝန်ကြီးချုပ်၊ ဦးအယ်လ်ဖောင်းရှိုမှ မိန့်ခွန်းပြောကြားခြင်း

ကျွန်တော်တို့ လွှတ်တော်ရယ်၊ အစိုးရရယ် အပြန်အလှန်ထိန်းကျောင်းပြီး အများပြည်သူရဲ့အကျိုးကို လုပ်ဆောင်ကြရ တာဖြစ်ပါတယ်။ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ကျွန်တော်တို့ ပြည်နယ်ကြီး ကို ဘယ်လိုလုပ်မလဲ၊ ကျွန်တော်တို့တာဝန်ယူရတာ ကယားပြည်နယ်မှာ လတ်တလောမှာ တာဝန်ယူ ရတယ်။ ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်မယ်ဆိုတဲ့အခြေအနေကြောင့် ကျွန်တော်တို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပထမဦးဆုံး ကျွန်တော်တို့ ဘာလုပ်သင့်သလဲ၊ ကျွန်တော်တို့ ကိုယ်စီကိုယ်စီတွေးကြရပါမယ်။ တွေးပြီးရင်လည်းပဲ အဲဒီတွေးတောချက် ထင်မြင်ယူဆချက် ဖော်ဆောင်လိုတဲ့ ကဏ္ဍတွေကို ကျွန်တော်တို့ မဖြစ်မနေပူးပေါင်းဆောင်ရွက်ရပါမယ်။ တစ်ဦး တစ်ယောက်ကောင်းနဲ့ တစ်ဦးတစ်ယောက်အစွဲနဲ့ အငြိုးအာဃာတတွေနဲ့ ကျွန်တော်တို့ဘယ်တော့မှ ဆောင်ကျဉ်းလို့ရမှာမဟုတ်ဘူး ဆိုတာလည်းပဲ ကျွန်တော်အနေနဲ့ ဒီအစည်းအဝေးမှာ ပြောကြားလို ပါတယ်။ ကျွန်တော်တို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ကျွန်တော်တို့ ပြည်နယ်အနေအထားကို ပထမဦးဆုံး သုံးသပ်ကြည့်ဖို့လိုတယ်။ ဒီပြည်နယ်မှာ ဘာပဲလုပ်လို့ရလဲ၊ ကျွန်တော်တို့ ပြည်နယ်ဖွံ့ဖြိုး တိုးတက်အောင် ဘာစလုပ်ရမှာလဲဆိုတာ သုံးသပ်ရပါမယ်။ ဒီပြည်နယ်ကြီးဖွံ့ဖြိုး တိုးတက်အောင် ကျွန်တော်တို့ တစ်ဖက်ပိတ် ကုန်းပိတ်ပြည်နယ်ကြီးဖြစ်တယ်။ ပြည်နယ်ရဲ့ အခြေအနေကိုလည်းပဲ တွေးကြည့်ရမယ်။ တစ်ဖက်ပိတ် ကုန်းပိတ်ပြည်နယ်တစ်ကယ်ဖြစ်လို့ ပိတ်နေတဲ့ပြည်နယ်ဖြစ်တဲ့ အတွက် ဘယ်လိုဖွံ့ဖြိုးတိုးတက်မှာလဲ၊ ဒါဆိုအဲ့လို ပိတ်နေတဲ့လမ်းကြောင်းကို ဖွင့်နိုင်အောင်ကြိုးပမ်း ရမယ်၊ ဖွင့်နိုင်အောင်ကြိုးပမ်းတဲ့နေရာမှာလည်းပဲ လွှတ်တော်ကိုယ်စားလှယ်ကြီးများရဲ့ အထောက် အပံ့တွေ အများကြီးပေးဖို့လိုအပ်လှပါတယ်။ ဒီလိုပေးနိုင်အောင်လည်းပဲ ဝိုင်းဝန်းကြိုးပမ်းပေးစေချင် ပါတယ်။ မကြိုးပမ်းပေးဘူးလို့ ဆိုလိုနေခြင်းမဟုတ်ပါ။ ဒီထက်မက ကောင်းသထက်ကောင်းအောင် တတ်နိုင်တဲ့ကဏ္ဍကနေ တွန်းအားပေးတာမျိုး၊ တိုက်တွန်းကြိုးပမ်းတာမျိုး ကျွန်တော်လိုချင်ပါတယ်။ ဖြစ်လည်းဖြစ်စေချင်ပါတယ်။ ဖြစ်စေချင်တဲ့အတွက်ကြောင့် ချပြတယ်။ ကျွန်တော်တို့ ပိတ်နေတဲ့ တစ်ဖက်ပိတ် ကုန်းပိတ်ပြည်နယ်ကြီးကို ယခင်ကတရားမဝင်ခဲ့တဲ့ ကုန်သွယ်မှုလမ်းကြောင်းကို ယခုတရားဝင်လမ်းကြောင်းဖြစ်အောင် နယ်စပ်ကုန်သွယ်ရေးစခန်းကို တရားဝင်ဖွင့်လှစ်ခဲ့တယ်။ တရားဝင်ဖွင့်လှစ်နိုင်အောင်၊ ကောင်းသထက်ကောင်းအောင်၊ မူဝါဒတွေနဲ့ ညီသထက်ညီအောင် တစ်ဆင့်ချင်း သွားနိုင်အောင်လည်းပဲ ကြိုးပမ်းနေတယ်။ ယခင်က တရားမဝင်ခဲ့တဲ့ ကုန်စည်ကူးသန်း ရောင်းဝယ်မှုများကြောင့် နိုင်ငံတော်အတွက် ဝင်ငွေများမရရှိခဲ့ဘူး၊ ယခုဝင်ငွေတွေရရှိလာပြီဆိုတော့ ဘယ်လောက်များ အနှစ်အရသာတွေကို ပြည်သူတွေခံစားနေရပြီလဲ၊ နိုင်ငံတော်ရော ဘယ်လောက် အထိ ဒီရရှိတဲ့ရလာဒ်တွေအပေါ်မှာ အကျိုးအမြတ်တွေ ဘယ်လောက်ထိရရှိနေလဲဆိုတာ သုံးသပ်ရပါ မယ်။ ဒီလိုသုံးသပ်ပြီး ဒီထက်ကောင်းမွန်တဲ့နည်းလမ်းများကိုလည်း ဆောင်ကျဉ်းပေးကြဖို့ တိုက်တွန်း အပ်ပါတယ်။ ကျွန်တော်တို့ ဒီကဏ္ဍလေးနဲ့ ရပ်မနေပါဘူး။   ကျွန်တော်တို့ International Border Check Point အဖြစ်တရားဝင်နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းကြီးပွင့်လာဖို့အတွက် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့နဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့တို့ကို Sister Cities ညီအစ်မမြို့တော်အဖြစ် ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။ ဒါဟာလည်းပဲ ကျွန်တော်တို့အစိုးရတစ်ဖွဲ့တည်းနဲ့ ကြိုးပမ်းလို့ မရပါဘူး။ လွှတ်တော်ရဲ့အားကိုလည်း အင်မတန်မှလိုအပ်လှပါတယ်။ လွှတ်တော်ရဲ့အားကိုလည်း ကျွန်တော်တို့ရရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တစ်ကြိမ်နဲ့မရရင်နှစ်ကြိမ်၊ နှစ်ကြိမ်နဲ့မရရင် သုံးကြိမ်ဖြင့် ကျွန်တော်တို့ဝါယမစိုက်ထုတ်ပြီးမှ ကြိုးပမ်းပူးပေါင်းတင်ပြနေဖို့ လိုအပ်လှပါတယ်။ ဒီကဏ္ဍလေးတွေ အားနည်းနေတဲ့အပေါ်မှာလည်းပဲ ကျွန်တော်ကို ကိုယ့်ရဲ့လွှတ်တော်သွေးချင်း တစ်ယောက်အနေနဲ့ သဘောထားပြီး ပူးပေါင်းကြိုးပမ်းဖော်ဆောင်ပေးကြဖို့ လေးလေးစားစား တိုက်တွန်းမေတ္တာရပ်ခံလိုပါတယ်။ နောက်တစ်ချက်အနေဖြင့် ဒီလိုကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရယ်၊ ပြည်နယ်အစိုးရအဖွဲ့ရယ်၊ သက်ဆိုင်ရာဝန်ကြီးဌာနများက မူဝါဒတွေနဲ့ အညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေပါတယ်။ ဒီမူဝါဒတွေနဲ့အညီဆိုတဲ့နေရာမှာ ကျွန်တော်တို့ စကားသွားပြောပါတယ်။ နှေးခြင်း၊ မြန်ခြင်းသွားစကားပြောပါတယ်။ ဘယ်အကြောင်းအရာတွေ၊ ဘယ်အချက်တွေ ဘယ်လိုမူဝါဒတွေက နှောင့်နှေးကြန့်ကြာနေသလဲ၊ ဒါကိုကျွန်တော်တို့ ထပ်ဆင့် ထပ်ဆင့် ကိုယ်စီကိုယ်စီ အဖြေရှာရမယ်။ ဒီနှေးနေတာကို မြန်အောင်၊ လူကြီးတွေရဲ့နားထဲ ပေါက်မြောက်သွားအောင် နိုင်ငံတော်ရဲ့မူဝါဒနဲ့လည်း ညီသွားအောင် ကျွန်တော်တို့ တွန်းအားပေးနေရ မယ်။ ဒါမှသာလျှင် ကျွန်တော်တို့ပြောတဲ့ ပြည်သူ့တာဝန်ကို ကျေမှာပေါ့။ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ဖို့အတွက် ကယားပြည်နယ်မှာ ဒီလမ်းကြောင်းကြီးက ပိတ်နေတယ်။ ဒါကြီးကိုဖွင့်ဖို့အတွက် ကျွန်တော်တို့ အမြန်ဆုံးတွန်းအားတွေပေးနေရမယ်။ ဒီကဏ္ဍလေးတွေကိုလည်းပဲ ဆက်လက်ကြိုးပမ်း ဝန်းရံဖော်ဆောင်ပေးကြဖို့ ကျွန်တော်အနေနဲ့ ဒီနေ့ဒီအခမ်းအနားမှာ လေးလေးစားစားတိုက်တွန်း မေတ္တာရပ်ခံခြင်းဖြစ်ပါတယ်။ အမှန်အတိုင်းပြောရမယ်ဆိုရင် International Border Check Point ကြီးတစ်ခုပွင့်ဖို့အတွက်၊ ကယားပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီလမ်းကြောင်းဟာ အဓိကသော့ချက်ဖြစ်တယ်ဆိုတဲ့အချက်ကို သိရှိကြိုးပမ်းဖော်ဆောင်နိုင်အောင် ချပြခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ငြိမ်းချမ်းရေးအခန်းကဏ္ဍကိုလည်းပဲ အနည်းအကျဉ်း ပြောလိုပါတယ်။ ကျွန်တော်တို့ လက်ရှိကြိုးပမ်းဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဒီနှစ်ချက်ဟာ တစ်ကဏ္ဍချင်းဖော်ဆောင်နေလို့ မရဘူးဆိုတာမြင်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှ ငြိမ်းချမ်းမယ်၊ ငြိမ်းချမ်းမှလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မယ်။ ဒါကို ကျွန်တော်တို့ တစ်ပြိုင်တည်း ဒွန်တွဲလုပ်ဆောင်နေပါတယ်။ အစိုးရအဖွဲ့အနေနဲ့ ဒီလိုဒွန်တွဲလုပ်ဆောင် နေတဲ့အတွက်ကြောင့် လည်းပဲ လက်ရှိပြည်နယ်ရဲ့ အနေအထားကို လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ အားလုံးအနေနဲ့ မျက်ဝါးထင်ထင်တွေ့မြင်နေရပါတယ်။ ဘယ်လိုတွေ့မြင်နေရသလဲ၊ ဥပမာအနေနဲ့ ကျွန်တော်ပြောပြ ပါမယ်။ ကယားပြည်နယ်နဲ့ ထိုင်းနိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်လှစ်နိုင်အောင် ကြိုးပမ်းတဲ့အနေအထားတစ်ခုက ဒီ(၃)နှစ်တာကာလတစ်ခုမှာ ဘယ်လောက်ထိခရီးပေါက်မြောက် ခဲ့သလဲ၊ ဒီကုန်သွယ်ရေးစခန်းကြီး ဖွင့်လိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့ အနည်းဆုံးလမ်းဘေးတွေမှာ ပြည်သူတွေရဲ့ အဆောက်အဦတွေ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာတာကိုတွေ့ရပါတယ်။ ဒါ စီးပွားရေးကို ဦးမော့အောင်လုပ်တဲ့ကဏ္ဍတစ်ခုပဲ ရှိပါသေးတယ်။ ချောင်ကြိုချောင်ကြားမှာ ယခင်ကနေထိုင်ခဲ့ရတဲ့ တိုင်းရင်းသားတွေ လမ်းဘေးမှာရောက်ကုန်ပြီ၊ လမ်းဘေးမှာ မြေတွေဈေးတက်လာပြီ၊ သူ့အလိုလို ဖွံ့ဖြိုးတိုးတက်လာတဲ့အနေအထား တစ်ခုဖြစ်တယ်၊ BP-13 မယ်စဲ့မြို့ကနေ လွိုင်ကော်မြို့အထိ လမ်းဘေးတစ်လျှောက် ကြည့်သွားပါက ဘယ်လောက်အထိ တိုးတက်ပြောင်းလဲနေသလဲ၊ ဒါဆို ပြည်သူတွေကိုယ်တိုင်က ယခင်က ပိတ်ခဲ့တဲ့အတွက်ကြောင့် ယခုလို မနေနိုင်ခဲ့ဘူး၊ ယခုဖွင့်ပေး လိုက်ပြီဆိုတဲ့အတွက်ကြောင့် နေထိုင်လာပြီ၊ ဖွံ့ဖြိုးမှုအရသာကို သူတို့လိုချင်ကြတယ်။ လိုချင် ကြတော့အခု ဒါငြိမ်းချမ်းရေးပါဒွန်တွဲပြီးမှ ငြိမ်းချမ်းရေးအရသာကို သူတို့ခံစားလာပြီ၊ ငါတို့တောထဲမှာ ဒုက္ခခံနေမယ့်အစား တောထဲမှာ ပင်ပန်းဆင်းရဲချို့တဲ့စွာနေမယ့်အစား ငါတို့ဒီလိုမျိုး တရားဝင် လုပ်ခွင့်ရတဲ့အရသာကို ငါတို့သိပြီ၊ ငါတို့ကြိုးပမ်းကြမယ်ဆိုတော့ ဒါငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး အခြေအနေ ကို မျက်ဝါးထင်ထင်ချပြခြင်းဖြစ်ပါတယ်။ ဒါလက်ရှိအမှန်တရားကို ချပြခြင်းဖြစ်ပါတယ်။ ကျွန်တော် တစ်ယောက်တည်းကြိုးပမ်းမှုကြောင့် ဒီလိုအောင်မြင်နေတယ်လို့ ကျွန်တော်ပြောနေတာမဟုတ် ပါဘူး၊ အစိုးရရယ်၊ လွှတ်တော်ရယ် ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် ဒီလိုအောင်မြင်မှုရတယ် ဆိုတာ၊ ဒီအသီးအပွင့်တွေကို ခံစားကြရတယ်ဆိုတာ သိစေချင်လို့ ချပြခြင်းသာဖြစ်ပါတယ်။ ဒီထက်အောင်မြင်အောင် ကျွန်တော်ကြိုးပမ်းစေချင်ပါတယ်။ ကြိုးပမ်းပေးဖို့ကိုလည်း ကျွန်တော် လေးလေးစားစား ဖြင့် ထပ်မံတိုက်တွန်းပါတယ်။ နောက်တစ်ချက် ကျွန်တော်တို့ တရားဥပဒေစိုးမိုးရေး အခန်းကဏ္ဍကိုလည်း အနည်းအကျဉ်း ပြောပြပါရစေ၊ ပြည်နယ်တစ်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်၊ နောက်ဆုံးမြို့တစ်မြို့ တိုးတက်ဖို့အတွက် တရားဥပဒေစိုးမိုးရေးကဏ္ဍ မရှိလို့မရပါဘူး၊ မဖော်ဆောင်နိုင်လို့ မရပါဘူး၊ တရားဥပဒေ စိုးမိုးမှုမရှိဘဲ နဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာလည်းဘယ်တော့မှ အကောင်အထည်ဖော်လို့ရမှာ မဟုတ်ပါ ဘူး၊ ဖော်မယ်ဆိုလည်း ထိုက်သင့်တဲ့ အောင်မြင်မှုကိုရမှာမဟုတ်ပါဘူး၊ ဒါကြောင့် တရားဥပဒေ စိုးမိုးရေးကဏ္ဍဟာလည်းပဲ အင်မတန်နိုင်ငံအတွက် ပြည်နယ်အတွက် အရေးပါလျက်ရှိပါတယ်၊ ဒီတရားဥပဒေစိုးမိုးရေးကဏ္ဍကို ပီပြင်စွာဆောင်ရွက်နိုင်ဖို့အတွက် အားလုံးအားလုံးကိုယ်စီကိုယ်စီ အများပြည်သူရဲ့ အကျိုးအတွက်မကောင်းတဲ့ Mind Set တွေရှိနေကြတယ်ဆိုရင်လည်းပြောင်းကြ ရပါမယ်။ ဒါမှသာလျှင် တရားဥပဒေစိုးမိုးမှု ပိုမိုတိကျစွာ ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ အများပြည်သူ အကျိုးအတွက် မှန်ကန်တဲ့လုပ်ဆောင်ချက်တွေ နောင်လာနောင်သားတွေအတွက် အကျိုးရှိမယ့် မူဝါဒတွေ၊ ဥပဒေတွေချမှတ်နိုင်အောင် ပြဋ္ဌာန်းပေးနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဖို့လည်းလိုအပ်ပါတယ်။ နောက်ပြီး သတင်းပေးမှုဆိုတဲ့ အခန်းကဏ္ဍဟာလည်းပဲ ဒီတရားဥပဒေစိုးမိုးရေးကဏ္ဍမှာ အင်မတန်မှ အရေးပါပါတယ်။ ဒီအချက်လေးတွေကိုအခြေခံပြီး ဟန်ချက်ညီညီ ချိတ်ဆက်ပူးပေါင်းဆောင်ရွက် ပေးဖို့အတွက် ကျွန်တော့်အနေနဲ့ လေးလေးစားစား တိုက်တွန်းအပ်ပါတယ်။ ဒီလိုပူးပေါင်းဖော်ဆောင် နိုင်အောင် ကျွန်တော်တို့ ပြောနေတဲ့အရာတွေကို မည်သူမဆို လူတန်းစားမရွေးကြိုးပမ်းဖော်ဆောင် မယ့်ကဏ္ဍတွေကို ကြိုးပမ်းဖော်ဆောင်မယ်ဆိုရင် မူဝါဒတွေနဲ့အညီဆောင်ရွက်ဖို့ အမြဲတမ်းဖိတ်ခေါ် နေပါတယ်။ အမြဲတမ်းလက်တွဲနေပါတယ်။ နေ့ညမရွေး ဒီကဏ္ဍတွေကြိုးပမ်းဖော်ဆောင်နိုင်ဖို့အတွက် လက်တွဲနိုင်ဖို့အတွက် ကြိုးပမ်းနေတယ်ဆိုတာကို လွှတ်တော်ကိုယ်စားလှယ် တော်ကြီးများအားလုံး ကို သိရှိစေလိုတဲ့အတွက်ကြောင့် ချပြခြင်းဖြစ်ပါတယ်။ ယခုဆိုရင် ကယားပြည်နယ်အနေအထားအရ NCA လမ်းကြောင်းပေါ် အမြန်ဆုံးရောက်ရှိနိုင်ရေးအတွက် အလေးထားပူးပေါင်းဆောင်ရွက်ရမယ့် အနေအထားလေးတွေရှိတယ်၊ တံခါးဖွင့်တဲ့အနေအထားလေးတွေရှိပါတယ်။ ကြိုးပမ်းတဲ့နေရာမှာ နည်းမှန်လမ်းမှန်နဲ့ အနာဂတ်အကျိုး၊ ပြည်နယ်ရဲ့အကျိုးကို အပြုသဘောဆန်ဆန် ဝိုင်းဝန်းပူးပေါင်း ပုံဖော်ပေးကြဖို့ တာဝန်လည်းရှိတာကို သတိချပ်စေလိုပါတယ်။ ကိုယ်စီကိုယ်စီ တာဝန်ယူမှု၊ တာဝန်ခံမှု နဲ့ ပြောင်းလဲကြဖို့ တိုက်တွန်းပါရစေ၊ နောက်တစ်ချက်က မူးယစ်ဆေးဝါးအခန်းကဏ္ဍဟာလည်း လတ်တလော ပြည်နယ်သာမက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ဖိဖိစီးစီးဆောင်ရွက်နေပါတယ်။ ဒါပေမယ့် ပြည်နယ်အတွက် ထိုက်သင့်တဲ့ခရီးပေါက်မှု မရရှိခဲ့ပါဘူး၊ မကြိုးပမ်းလို့ မရောက်တာလဲမဟုတ်ဘူး၊ ဒီနေရာမှာ ပူးပေါင်းမှုအားနည်းခြင်း၊ သတင်းပေးမှုအားနည်းခြင်းဆိုတဲ့ ကဏ္ဍကြောင့်သာလျှင် အတိုင်းအတာတစ်ခုအထိ မရောက်ခြင်းကို သတိချပ်စေချင်တဲ့အတွက် ချပြခြင်းဖြစ်ပါတယ်။ ယခုဆိုလျှင် ကျွန်တော်တို့ လက်ရှိပြည်နယ် အနေအထားအရ ၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးဝါး အသိပညာပေးဟောပြောပွဲ   စုစုပေါင်း(၁၂၀) ကြိမ် ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် အမှန်အတိုင်းပြောရရင် (၁၂၀)ကြိမ်ဆိုတာ မနည်းပါဘူး၊ ဒီထက်ပိုလုပ်ဖို့လည်း ကြိုးပမ်းဖို့တော့ လိုပါမယ်။ ဒီလိုအသိပညာပေးဟောပြောပွဲတွေ လုပ်နေရုံနဲ့ ထိရောက်နေပြီလား၊ မထိရောက်ဘူးဆိုရင် မထိရောက်တဲ့အလျှောက် အကြံပြုသုံးသပ်ချက်တွေကို လွှတ်တော်ကဏ္ဍကနေ ဆောင်ကျဉ်းပေးကြဖို့၊ အကြံပြုပေးကြဖို့ တိုက်တွန်းပါရစေ၊ ဘာကြောင့်လည်း ဆိုရင် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်တယ်လို့ ကျွန်တော်တို့ သတ်မှတ်ထားတာဖြစ်တဲ့အတွက် ကြောင့် အားနည်းချက်ရှိတယ်ဆိုလည်းပဲ ဘယ်လိုပုံစံနဲ့ ဘယ်လိုဖြည့်စွက်ပြီး ကြိုးပမ်းဖော်ဆောင် သင့်သလဲဆိုတာကို အကြံဉာဏ်တွေပေးကြဖို့ ကျွန်တော်အနေနဲ့ တိုက်တွန်းခြင်းသာဖြစ်ပါတယ်။ ဒီလို(၁၂၀)ကြိမ် ပညာပေးမှုလုပ်တဲ့နေရာမှာ ပြည်နယ်လူဦးရေ(၃)သိန်းကျော်ထဲမှ လူဦးရေ တစ်သောင်းသုံးထောင်ကျော်ကိုပဲ အသိပညာပေးနိုင်ပါသေးတယ်။ အဲဒါကြောင့်မို့လည်း ထိရောက် တယ်လို့ သတ်မှတ်လို့ မရသေးပါ။ ပြန်လည်သုံးသပ်တာတွေကို ပြောခြင်းဖြစ်ပါတယ်။ ဒီထက်မက အသိပညာ ပေးဟောပြောမှုတွေ ပြုလုပ်လာနိုင်ဖို့၊ လိုအပ်တဲ့ကျေးရွာတွေမှာ အမှန်တကယ်လုပ်သင့် လုပ်ထိုက်တဲ့ကျေးရွာတွေမှာ လုပ်နိုင်အောင်လည်းပဲ လွှတ်တော်ကိုယ်စားလှယ်ကြီးများက အကြံပေး တင်ပြတောင်းဆိုမှုတွေ ဆောင်ရွက်ပေးစေလိုပါတယ်။ နောက်တစ်ချက်က ၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုအနေနဲ့ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသား ရေးတာဝန်တစ်ရပ်အနေဖြင့် အရှိန်အဟုန်နဲ့ ဆောင်ရွက်တဲ့နေရာမှာ ၂၀၁၈ ခုနှစ်(၁)နှစ်လုံး မူးယစ် ဆေးဝါးဖမ်းဆီးရမိမှု အမှုပေါင်း(၉၄)မှု ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီလိုဖမ်းဆီးနိုင်တဲ့အတွက်ကြောင့် ဂုဏ်ယူနေဖို့ချပြခြင်း မဟုတ်ပါဘူး။ ဒီလိုဖမ်းဆီးနိုင်တာဟာ ကောင်းတာမဟုတ်ပါဘူး၊ ပပျောက် အောင်လုပ်မှ ဂုဏ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် မူးယစ်ဆေးဝါးပပျောက်ရေး ကြိုးပမ်းဖော်ဆောင် နေမှုအမှန်ကိုတော့ သိစေလို၍ ရဲရဲချပြခြင်းဖြစ်ပါတယ်။ ဒီထက်မက ဆက်လက်ကြိုးပမ်းမယ်၊ ဒီထက်မက ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ အသွင်အပြင်မျိုးဖြစ်စေချင်တဲ့အတွက်ကြောင့် ချပြခြင်း ဖြစ်ပါတယ်။ စိတ်ကြွရူးသွပ်ဆေးပြား (၂၉၇၁၃)ပြားကိုလည်း ဖမ်းဆီးရမိနိုင်ခဲ့ပါတယ်။ ဒါအနည်း အကျဉ်းလေးပဲ ဖမ်းမိခြင်းဖြစ်ပါတယ်။ ရှိသေးတယ်လို့ လည်းသိရပါတယ်။ ဂိုဏ်းကြီးကြီးတွေ ဖမ်းမိဖို့ လိုအပ်ပါတယ်။ ခိုင်လုံတဲ့အထောက်အထား မရရှိသေးတဲ့အတွက် မလုပ်နိုင်တဲ့အပေါ်မှာ ကိုယ်စား လှယ်တွေသိရှိပြီး Information လေးတွေနဲ့ဘယ်လိုပူးပေါင်းမလဲဆိုတာ သိနိုင်စေဖို့ချ ပြခြင်းဖြစ် ပါတယ်။ နောက်ဘိန်းမဲက (၆၅၆၉.၇)ဂရမ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အက်ဖီဒရင်း (၈၁၅)ဂရမ်၊ ဘိန်းဆီခဲ(၁၅)ဂရမ်၊ ဘိန်းဖြူ(၁.၄)ဂရမ်၊ ဘိန်းစိမ်း(၁၉၄.၉၂)ဂရမ်၊ ခပ်ခူ(၁)ဂရမ်၊ စုစုပေါင်းကာလ တန်ဖိုးကျပ် (၈၁.၈၂၅)သန်းဖမ်းဆီးနိုင်ခဲ့ပြီး တရားခံပေါင်း(၁၆၁)ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။ အမှန်တော့ ဒီသတင်းတွေကို၊ ချပြတဲ့အချက်တွေကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ ပြန်သုံးသပ် ကြည့်မယ်ဆိုရင် ရင်ထဲကောင်းမှာမဟုတ်ပါဘူး။ ဒါတောင်မမိသေးတဲ့အရာ တွေရှိသေးတယ်။ ဒီအခြေအနေတစ်ရပ်ဟာလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုမှာ အဟန့်အတားတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်အမျိုးသားရေးတစ်ရပ်အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ဝိုင်းဝန်းကြိုးစားပေးပါလို့ မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်အနေနဲ့ ဒီထက်မက ကြိုးပမ်းဖော်ဆောင်သွားမှာလို့လည်း ချပြလိုပါတယ်။ နောက်တစ်ချက်အနေနဲ့ (၃)နှစ်တာကာလအတွင်းမှာ တရားဥပဒေစိုးမိုးရေးအတွက် အစိုးရအဖွဲ့မှာ အားနည်းချက်မရှိဘူးလို ဘယ်တော့မှမပြောဘူး၊ အဖွဲ့အစည်းအသီးသီးမှာ အားနည်း ချက်၊ အားသာချက်ရှိတဲ့အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့မှာ အားနည်းချက်က ပူးပေါင်းပါဝင်မှုပဲ ဖြစ်ပါတယ်။ အခြေအနေအမှန်ကို ပြောနေတာပါ။ တစ်ကယ့်စိတ်ရင်းအမှန်ဖြင့် စေတနာမေတ္တာဖြင့် အားလုံးကပူးပေါင်းမှသာ အောင်မြင်မှာဖြစ်ပါတယ်။ ကျွန်တော်တစ်ယောက်တည်း Welcome လုပ်နေလို့မရပါဘူး။ ဥပမာအနေဖြင့် အများပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ဝါးတားဂိတ် တွေ ဖြုတ်ခဲ့ပါတယ်။ အဲဒီလွတ်လပ်မှုကို အခွင့်အရေးယူနေတဲ့ ပုဂ္ဂိုလ်တွေရှိနေတာ တွေ့ရပါတယ်။ ကယားပြည်နယ်အနေအထားအရ လမ်းပေါင်းမြောက်များစွာရှိပြီး ကျေးရွာချင်းချိတ်ဆက်လမ်းတွေ၊ မြို့နယ်ချင်း ချိတ်ဆက်လမ်းတွေ ပေါများပါတယ်။ ဒီလိုအနေအထားဟာလည်း ဂိတ်တွေဖြုတ်လိုက် တော့မှလောဘသားဆိုတဲ့ သဘောသဘာဝက နည်းလမ်းအမျိုးမျိုးအသုံးပြုဆောင်ရွက် နေတဲ့ အတွက် တရားဥပဒေစိုးမိုးမှု အားနည်းချက်အချို့ရှိနေပါတယ်။ ပြည်နယ်အနေအထားအရ ငြိမ်းချမ်းရေး အဖွဲ့အစည်း(၇)ဖွဲ့ရှိနေတာကိုလည်း သတိချပ်ရပါမယ်။ လွှတ်တော်ကိုယ်စားလှယ်မသုံးသပ်မိတာကို သုံးသပ်ခြင်းဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးမှုကဏ္ဍမှာ မူးယစ်ဆေးဝါးရော၊ တရားမဝင်သတ္တု သယ်ဆောင်မှုကဏ္ဍရော၊ တရားမဝင်သစ်သယ် ဆောင်ခြင်းကိစ္စတွေရောကဏ္ဍတွေ အားလုံးမှာပါဝင် ပတ်သက်သူတွေက လုပ်ရဲကိုင်ရဲ ပြောရဲဆိုရဲသူတွေပဲ ဖြစ်တယ်ဆိုတာ မပြောပဲနဲ့သိနေပါတယ်။ ပြည်သူတွေကလည်း မပြောဘဲနဲ့ သိနေတဲ့အနေအထားရှိနေပါတယ်။ ဒါကြောင့်မို့လို့ အစိုးရအဖွဲ့ အနေဖြင့် တာဝန်ရှိသူတွေနဲ့ အကောင်းဆုံးကြပ်မတ်ပူးပေါင်းသွားပါမယ်။ လွှတ်တော်ကိုယ်စားလှယ် တော်ကြီးများအနေဖြင့် ပြည်သူတွေနဲ့ထဲထဲဝင်ဝင်ထိတွေ့တဲ့အချိန်မှာ အားနည်းချက်တွေရှိတယ် ဆိုရင် အချိန်နဲ့တပြေးညီသတင်းပေးပြီး တရားဥပဒေစိုးမိုးမှု ပိုမိုခိုင်မြဲလာအောင် ဝိုင်းဝန်းကြိုးပမ်း ပေးဖို့ထပ်မံ တိုက်တွန်းလိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍဆောင်ရွက်မှု များကိုလည်း အနည်းအကျဉ်းပြောကြားလိုပါတယ်။ ပြည်နယ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍ (၃၀)%တိုးတက်လာပြီ ဖြစ်ပါတယ်။ လက်ရှိအမှန်တရားကို ပြောပြလိုပါတယ်။ ဒီထက်မကတိုးတက် မယ့်ကဏ္ဍတွေအများ ကြီးရှိနေပါတယ်။ ကျွန်တော်တို့ အတူတကွပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဒီထက်မက တိုးတက်ဖို့အများကြီးရှိနေပါတယ်။ ဒီထက်နိမ့်ကျသွားဖို့ ဘယ်တော့မှမရှိဘူးဆိုတာကို လည်း သိသာအောင်ချပြခြင်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာဆိုရင် ဘောလခဲမြို့နယ်မှာ (ECO Tourism) ကနူးကယက်လှေစီးခြင်းလုပ်ငန်းကို ဖော်ဆောင်နိုင်ရေးကြိုးပမ်းလျက်ရှိပါတယ်။ ဒီလို နေရာမှာ လာရောက်ရင်းနှီးမြှုပ်နှံသူတွေအတွက် အကျိုးအမြတ်ရရှိဖို့ သေချာမှုမရှိဘူးဆိုတာ လုပ်ငန်းရှင်များ၊ စီးပွားရေးသမားများသိမြင်မှာပဲ ဖြစ်ပါတယ်။ လုပ်လုပ်ချင်း သူဌေးဖြစ်သွားမယ့် အနေအထားမဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်နယ်လူဦးရေ(၃)သိန်းခန့်ရှိပါတယ်။ သို့ပေသော်လည်း ပဲ ကျွန်တော်တို့ရဲ့ဖိတ်ခေါ် ဆွဲဆောင်မှု၊ သူတို့ရဲ့ စိတ်အားထက်သန်မှုတွေကြောင့် ပြည်နယ်ကို စေတနာထားပြီး ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍဟာ သိပ်အရေးကြီးပါတယ်။ လုပ်ချင်တဲ့ဆန္ဒရှိမှသာလျှင် ပြည်သူကိုမျက်နှာမူရာကျပါမယ်။ တာဝန် ကျေအောင် ပုံဖော်ပေးနိုင်မှသာလျှင် တာဝန်ကျေတဲ့ကိုယ်စားလှယ်တော်ကြီးတွေ ဖြစ်ပါမယ်။ ဒီအချက်အလက်တွေကိုလည်းပဲသိရှိပြီး ပူးပေါင်းကြိုးပမ်းဖော်ဆောင်ပေးဖို့ လေးလေးစားစား တိုက်တွန်းအပ်ပါတယ်။ ဖရူဆိုမှာဆိုလည်းပဲ ထိုနည်းလည်းကောင်းပါပဲ၊ ကျွန်တော်တို့ ဖရူဆို အနောက်ဘက်ခြမ်းရှိ ထီးပရူနူဂူသဘာဝလှိုဏ်ဂူ၊ ဆင်ဖြူတောင်နဲ့ ထီးဆိုဒွတ်ခရီးစဉ်တွေ ဖော်ဆောင် ဖို့ သစ်တောမြေအသုံးပြုခွင့်ရရှိရေး သယံဇာတနှင့် သဘာဝပန်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို တင်ပြဆောင်ရွက်ပြီး ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း သိရှိပြီးမှ ကြိုးပမ်းမှ ရပါမယ်။ ဒီလိုကြိုးပမ်း ဖို့အတွက် အမြင်မတူကြဘူး၊ အသွင်မတူကြဘူး၊ အားမစိုက်ကြဘူး၊ အစွဲလောက်နဲ့ပဲ ကြည့်မယ်၊ ရေရှည်အနာဂတ်တွေအတွက် မကြည့်ဘူးဆိုရင် ဒါဖော်ဆောင်တဲ့ ကဏ္ဍတွေမှာ နှောင့်နှေးနေမှာပဲ ဖြစ်ပါတယ်။ ရတဲ့အချိန်လေးမှာ ကျွန်တော်တို့တွေ တာဝန်ရှိတဲ့ အချိန်လေးမှာ တာဝန်ယူနေရတဲ့အချိန်လေးမှာ အားစိုက်ပေးဖို့ တိုက်တွန်းပါရစေ၊ တစ်ခုခုလုပ်ရင် စီမံကိန်းတစ်ခုကို ဆောင်ရွက်မယ်ဆိုရင် အကောင်းနဲ့အဆိုးဒွန်တွဲနေပါတယ်။ ကျွန်တော်တို့ အကောင်းကြီးပဲ ဘယ်တော့မှရမှာမဟုတ်ပါဘူး၊ အဆိုးကလည်း အနည်းအကျဉ်း ဒွန်တွဲလာမှာပဲ၊ အကောင်းများပြီးမှ အဆိုးနည်းမယ်ဆိုရင် ကျွန်တော်တို့ ဖော်ဆောင်သင့်တဲ့လုပ်ငန်းတွေကို ဖော်ဆောင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ မှန်မှန်ကန်ကန်သတ္တိရှိရှိရဲရဲဝံ့ဝံ့ လုပ်ဆောင်ကြဖို့၊ ယူထားတဲ့တာဝန်တွေကို အများပြည်သူအတွက် ထိထိရောက်ရောက် အမြန်ဆုံးပုံဖော်ပေးနိုင်ဖို့ ချပြခြင်းဖြစ်ပါတယ်။  ဒီလိုသတ္တိလည်း ရှိဖို့လိုအပ်လှပါတယ်။ ဗျတ္တိလည်း ရှိဖို့လိုအပ်လှပါတယ်။ နောက်တစ်ချက်အနေနဲ့ မြေယာကဏ္ဍနဲ့ပတ်သက်ပြီး အနည်းအကျဉ်းပြောချင်လိုပါတယ်။ ကယား ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ တာဝန်ယူတဲ့အချိန်ကစပြီး (၃)နှစ်တာကာလအတွင်းမှာ ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုတွေရရှိစေဖို့အတွက် မြေငှါးဂရန်တွေ ထုတ်ပေးလျက်ရှိပါ တယ်။ မြေငှါးဂရန်တွေထုတ်ပေးတဲ့နေရာမှာ ယခုဆိုလျှင် မြေငှါးဂရန်ပေါင်း(၁၃၂၈)ခု ထုတ်ပေးနိုင်ခဲ့ ပါတယ်။ ယခင်ထုတ်ပေးပြီးစီးမှုတွေနဲ့ ပြန်ချိန်ထိုးကြည့်မယ်ဆိုရင် (၃)နှစ်တာကာလအတွင်းမှာ ယခင်ထုတ်ပေးပြီးစီးမှုထက် ကျော်လွန်စွာထုတ်ပေးနိုင်ခဲ့တဲ့ အနေအထားတစ်ခုဖြစ်ပါတယ်။ ဘာကြောင့် ဒီဟာကိုချပြသလဲဆိုရင် ကျွန်တော်တို့ ပူးပေါင်းကြိုးပမ်းဆောင်ရွက်တဲ့ အနေအထား လေးတစ်ခု၊ ချိန်ထိုးပြီးမှ နှိုင်းယှဉ်လာနိုင်မယ့် အနေအထားလေးတစ်ခုရောက်အောင် ချပြခြင်းဖြစ်ပါ တယ်။ ချိန်းထိုးပြီးတွေးမြင်တတ်မှလည်း လက်ရှိအစိုးရနဲ့ လွှတ်တော်ပူးပေါင်းပြီး အများပြည်သူ အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုကို ဘယ်လောက် အတိုင်းအတာအထိပေးနေသလဲ ဆိုတာ ချိန်ထိုးပြီးမှ ဆက်လက်ကြိုးပမ်းနိုင်အောင်လို့သာ ချပြခြင်းဖြစ်ပါတယ်။ လက်ရှိပကတိ အခြေအနေအတိုင်း ချပြခြင်းဖြစ်ပါတယ်။ ဘယ်အကြောင်းအရာတွေကိုမှ အပေါ်ယံသဘော ပြောကြား နေခြင်းမဟုတ်ပါဘူး၊ ဘာကြောင့် မြေငှါးဂရန်တွေထုတ်ပေးနေသလဲ၊ ပုံစံ(၇)တွေဘာကြောင့် ထုတ်ပေးနေသလဲ၊ ကျွန်တော်ပြည်နယ်ဟာ စိုက်ပျိုး၊မွေးမြူရေးကို အဓိကလုပ်ကိုင်တဲ့ပြည်နယ် ဖြစ်ရာ ပုံစံ(၇)မရှိဘဲနဲ့ ဘဏ်တွေမှာ ငွေချေးငှါးလို့မရသလို ပိုင်ဆိုင်မှုမရှိဘဲနဲ့ ဘဏ်တွေမှာငွေချေးငှါးလို့ ရမှာ မဟုတ်ပါဘူး။ ဂရန်တွေမရှိဘဲနဲ့ပဲ ကုမ္ပဏီထောင်ပြီးမှ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လို့ရမှာမဟုတ်ပါ။ ဖွံ့ဖြိုးတိုးတက်စေချင်တဲ့အတွက်ကြောင့် ပုံစံ(၇)ရော အိမ်မြေငှါးဂရန်တွေရော ထုတ်ပေးခြင်းဖြစ်ပါ တယ်။ အစိုးရနဲ့လွှတ်တော်ပူးပေါင်းပြီး ပြည်သူတွေအတွက် ဆောင်ရွက်ပေးလျက်ရှိတာတွေကို ပြန်လည်ချပြနိုင်ရေးအတွက် ရှင်းလင်းချပြခြင်းဖြစ်ပါတယ်။ ဒီထက်မက ပူးပေါင်းနိုင်တဲ့အရွေ့ တစ်ခုကို ကျွန်တော်သွားချင်ပါတယ်။ ဒီလိုသွားနိုင်တဲ့အနေ အထားလေးတစ်ခုရောက်အောင် ဝိုင်းဝန်းကြိုးပမ်းပေးဖို့အတွက် လေးလေးစားစား ထပ်မံတိုက်တွန်းလိုပါတယ်။ သိမ်းဆည်းလယ်ယာ မြေများနှင့်ပတ်သက်ပြီး ပြောရမယ်ဆိုရင် သိမ်းဆည်းလယ်ယာမြေဆိုတာ အခြားတိုင်းဒေကြီးနဲ့ ပြည်နယ်များနဲ့ နှိုင်းယှဉ်ပါက အမှုတွဲအနည်းအကျဉ်းသာ ရှိနေပါတယ်။ ဒါပေမယ့် ရှိနေတဲ့အမှုတွဲ အနည်းအကျဉ်းအပေါ်မှာ ကြိုးပမ်းဆောင်ရွက်ပေးနေတဲ့ အနေအထားတစ်ခု ချပြလိုပါတယ်။ သိမ်းဆည်းလယ်ယာမြေများနဲ့ပတ်သက်ပြီး တောင်သူများနစ်နာမှုမရှိစေရေးအတွက် ပြည်နယ်အစိုးရ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ လွိုင်ကော်မြို့နယ်၊ လွယ်တမူကျေးရွာအုပ်စု၊ အမှတ်(၂၅၀)တပ်ရင်းမှ ပြန်လည်စွန့်လွှတ်မြေ(၁၉၄)ဧကရှိခဲ့ပါတယ်၊ အဲဒီ(၁၉၄)ဧကကို လုပ်ကိုင်ခဲ့ဖူးသူ တောင်သူ(၇၂)ဦး ထံကို ပြန်လည်ပေးအပ်နိုင်ခဲ့ပါတယ်။ ထို့နည်းတူ မထောခူကျေးရွာအုပ်စုရှိ အမှတ်(၇)ခုတင် (၁၀၀)ဆံ့ တပ်မတော်စစ်ဆေးရုံမှ စွန့်လွှတ် မြေ(၁၅)ဧကကိုလည်းပဲ တောင်သူ(၆)ဦးထံကို ပြန်လည်ပေးအပ်နိုင်ခဲ့ပါတယ်။ ဒါတွေ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ သိရပါမယ်။ သိလည်း သိနေတယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီး လောပိတကျေးရွာအုပ်စု၊ လောပိတကျောက်တောင် ဧက(၁၃၂၅.၅)ဧကထဲမှ ပြန်လည်စွန့်လွှတ်သောမြေ(၄၅.၃၇)ဧကကို တောင်သူ(၁၇)ဦးအတွက် ပြန်လည်စွန့်လွှတ်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုပြန်လည်ပေးအပ်ရာနေရာမှာလည်း ပေးသင့်ပေးထိုက်တဲ့ သူတွေကို နိုင်ငံတော်ကချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီ ပေးအပ်ခဲ့တယ်ဆိုတာလည်းပဲသိစေလို ပါတယ်။ ကျန်ရှိနေတဲ့မြေတွေ၊ အထောက်အထားများနှင့်တကွ တင်ပြတောင်းဆို နိုင်ခြင်းမရှိတဲ့ မြေတွေကိုတော့ အစိုးရအနေဖြင့် စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေအဖြစ် ဆက်လက်ထားရှိတယ်ဆိုတဲ့ အနေအထားကို ပြောပါရစေ၊ အဲဒီနေရာမှာလည်းပဲ အစိုးရအဖွဲ့တွေအနေနဲ့ စီမံနိုင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတွေလည်း ဒါကိုသိရှိပြီး ရင်းနှီးမြှုပ်နှံလိုသူတွေကို လွှတ်တော် ကိုယ်စားလှယ်တော်ကြီးတွေကိုယ်တိုင် သိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတွေမှာ မိတ်ဆွေတွေများစွာရှိပါတယ်။ ကိုယ့်ပြည်နယ် ကြီးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မယ်ဆိုရင် မြေပေးနိုင်တဲ့နေရာ လောပိတကျောက် တောင်ဘက်မှာ ပေးနိုင်တဲ့အနေအထားတစ်ခုရှိပါတယ်။ ဘာတွေလုပ်ချင်သလဲ အခြားသောနေရာတွေလည်း မြို့နယ်အလိုက်ရှိနေပါတယ်။ ပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်အောင် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတွေရော ဘယ်လိုရင်းနှီးမြှုပ်နှံ လိုသူတွေနဲ့ ပူးပေါင်းပြီး ပြည်နယ်အကျိုးအတွက် ဘယ်လောက်အထိ မူဝါဒနဲ့အညီပူးပေါင်းဖော်ဆောင် နိုင်မလဲဆိုတဲ့အချက်ဟာလည်း သိပ်အရေးကြီးပါတယ်။ ပူးပေါင်းပေးပါ။ ဖိတ်ခေါ်ပေးပါ။ ဒီလိုပူးပေါင်း ဖိတ်ခေါ်ပြီး လာတွေ့မယ်၊ မူဝါဒနဲ့အညီလုပ်ကိုင် သွားကြမယ်ဆိုရင် ပြည်နယ်အတွက် ပြည်သူ့အတွက် လုပ်တာဖြစ်တဲ့အတွက် သတ္တိရှိရှိလုပ်ကိုင်ပေးကြဖို့ လေးလေးနက်နက်ပြောကြား လိုပါတယ်။ နောက်တစ်ချက်အနေဖြင့် လျော်ကြေးငွေပြန် လည်ပေးအပ်တဲ့ကဏ္ဍကိုလည်း ပြောပါ ရစေ၊ မီးရထားဘူတာမှာမြေ(၄၃.၂၄)ဧကအတွက် လျော်ကြေး ငွေကျပ်(၂၁၄.၇၅)သန်းကို ခွင့်ပြုပေးခဲ့ ပါတယ်။ ဒီလိုခွင့်ပြုပေးခဲ့တဲ့အခါမှာ မြေဧရိယာ (၁၅.၃၆)ဧကကို တောင်သူ(၂)ဦးအတွက် ငွေကျပ် (၇၆၈)သိန်း လျော်ကြေးပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ရှားတောမြို့နယ်၊ စုစည်းကျေးရွာမှာ မြေ (၁၈.၃၄)ဧကအတွက် မကြာမီမှာ လွှတ်တော်နဲ့ညှိနှိုင်းပြီး လျော်ကြေးငွေ (၂၇၄.၈)သိန်းပေးလျော်နိုင်ဖို့ အတွက် ကြိုးပမ်းစီစဉ်နေပါတယ်။ မီးရထားမြေကိစ္စဆိုလျှင် နိုင်ငံတော်ကပြန်လည် စွန့်လွှတ်ပေးရန် မရှိဘဲ လျော်ကြေးပေးခဲ့မှုအပေါ်ယူတဲ့သူရှိသလို မယူတဲ့သူလည်းရှိနေပါတယ်။ အဲဒီမယူတဲ့သူ အတွက် ပြဋ္ဌာန်းထားတဲ့မူဝါဒနဲ့အညီသာ ဆက်လက်စီမံပေးဖို့ရှိ နေတာကိုလည်းပဲ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများကို သိစေလိုတာကြောင့် ချပြခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ၂၀၁၈ ခုနှစ်မှာ ကယားပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ သံလွင်မြစ်ရေ မြင့်တက် ခဲ့ပြီး သီးနှံစိုက်ဧက(၉၈)ဧက ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဆုံးရှုံးသွားသောတောင်သူများအတွက် ကွန်ပေါင်းဓာတ်မြေသြဇာများ(၁၀၅)အိတ်၊ စပ်မျိုးစပါးများ(၂၉၇)ကီလို၊ အစေ့ထုတ်ပြောင်းများ (၁၉၀)ကီလို၊ ပဲပုပ်(၄၅)တင်း၊ နေကြာအထုပ်(၂၀)အား စုစုပေါင်းတန်ဖိုးငွေကျပ်(၆၃.၂၇၄)သိန်း ထောက်ပံ့ပေးခဲ့ပါတယ်။ သဘာဝဘေးနှင့်ပတ်သက်လို့ ဖော်ဆောင်ပေးခဲ့တဲ့ အနေအထားတစ်ခု သိရှိအောင်ချပြခြင်းဖြစ်ပါတယ်။ ပြည်နယ်အတွင်း လျှပ်စစ်မီးရရှိရေးအနေဖြင့် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အတွင်းရှိ ရပ်ကွက်(၄၄)ရပ်ကွက်၊ ကျေးရွာ(၅၁၇)ရွာ ရှိတဲ့အနက် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ အထိ ရပ်ကွက်(၄၄)ရပ်ကွက်၊ ကျေးရွာ(၃၇၇)ရွာတို့ကို မီးလင်းရေးဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကျန်ရှိတဲ့ကျေးရွာ (၁၄၀)ရွာမှာလည်း ဆိုလာလျှပ်စစ်စနစ်နဲ့(၇၅)ရွာ၊ ဒီဇယ်/ဓာတ်ဆီစနစ်ဖြင့်(၂)ရွာ မီးလင်းရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ကျန်ရှိတဲ့ကျေးရွာ(၆၃)ရွာအတွက် လျှပ်စစ်မီးရရှိရေး ကြိုးပမ်းရမယ့်အနေအထားတစ်ခုရှိပါတယ်။ ကယားပြည်နယ်အနေနဲ့ လျှပ်စစ်မီးကဏ္ဍနဲ့ပြောရမယ် ဆိုရင် တစ်ခြားတိုင်းဒေကြီးနဲ့ပြည်နယ်များနဲ့ယှဉ်ပါက လျှပ်စစ်မီးအပေးနိုင် ဆုံးလို့ပြောရမှာဖြစ်ပါ တယ်။ (၇၀)%ကျော် လျှပ်စစ်မီးရရှိရေး ဆောင်ကျဉ်းပေးခဲ့တဲ့အတွက် ဘယ်တိုင်း၊ ဘယ်ပြည်နယ်မှ အဲလောက်ထိမပေးနိုင်သေးပါ။ ဒါဟာလည်း ကယားပြည်နယ်မှာ လောပိတရေအားလျှပ်စစ်စက်ရုံရှိ နေတဲ့အတွက် ကြိုးပမ်းဖော်ဆောင်ပေးနိုင်ခြင်းဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ကျေးရွာများကိုလည်း တစ်ဆင့်ချင်း ဖော်ဆောင်ပေးရမယ့်ကဏ္ဍတွေရှိသလို အားချင်းဖော်ဆောင်ပေးနိုင်မယ့်ကဏ္ဍတွေ ရှိပါတယ်။ ဒါတွေကို အကောင်အထည်ဖော်ဖို့ စီမံကိန်းရေးဆွဲရာမှာဘတ်ဂျက်များလျာထားတဲ့ နေရာမှာ လွှတ်တော်နဲ့ ချိတ်ဆက်ညှိနှိုင်းပြီး အကောင်းဆုံး လျာထားစီမံဆောင်ရွက်သွားမယ်ဆိုတဲ့ အနေအထားကိုလည်း ချပြလိုပါတယ်။ နောက်တစ်ချက်အနေဖြင့် ကယားပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် တာဝန်ထမ်းဆောင်နေတဲ့အချိန်မှစပြီး ပြည်နယ်လွှတ်တော်မှ မေးမြန်းထားတဲ့ အဆို(၈)ခု အနက်(၃)ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ကျန်ရှိနေတဲ့(၅)ခုအား ကြိုးပမ်းဖော်ဆောင်နိုင်ပေးဖို့ ကြိုးပမ်းနေပါတယ်။ ဆောင်ရွက်ဆဲက(၄)ခုဖြစ်ပြီး ဆောင်ရွက်ရန်ကျန်(၁)ခု ဖြစ်ပါတယ်။ ကြယ်ပွင့်ပြ မေးခွန်း(၈၇)ခုရှိပြီး(၄၈)ခု ဆောင်ရွက်ပြီးစီးခဲ့ပြီး ဆောင်ရွက်ဆဲ(၂၅)ခုဖြစ်ပါတယ်။ ဆောင်ရွက်ရန် ကျန်တာကတော့(၁၄)ခု ဖြစ်ပါတယ်။ ကြယ်ပွင့်မပြမေးခွန်း(၁၆)ခုအနက် ဆောင်ရွက်ပြီး(၈)ခု၊ ဆောင်ရွက်ဆဲ (၆)ခု၊ ဆောင်ရွက်ရန်ကျန် (၂)ခုဖြစ်ပါတယ်။ ဒါတွေကို ပြီးစီးဆောင်ရွက်နိုင်အောင်ဌာန တွေနဲ့ချိတ်ဆက်ပြီး လေးလေးနက်နက်ဖော်ဆောင်ပေးနေပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ လွှတ်တော်အနေနဲ့ ဒီထက်မက အားစိုက်ပေးရမယ့်ကဏ္ဍတွေရှိတယ်ဆိုလည်းပဲ  ကျွန်တော်တို့အစိုးရ အဖွဲ့ကို ထပ်မံညှိနှိုင်းဆောင်ရွက်လို့ရတယ်ဆိုတဲ့ အနေအထားတစ်ခုကိုပြောချင်ပါတယ်။ အများ အားဖြင့် ကျွန်တော်ကွင်းဆင်းတဲ့နေရာမှာ ကြုံတွေ့ခဲ့တဲ့အနေအထားအခက်အခဲလေး တစ်ခုကို ပြောပြပါရစေ၊ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ပြည်သူနဲ့တွေ့ဆုံတဲ့နေရာမှာ လွယ်လွယ်ကူကူ ဘယ်တော့မှ ကတိမပေးပါဘူး။ ကိုယ်စားလှယ်တော်ကြီးတွေလည်း သိစေလိုပါတယ်။ အစိုးရ တစ်ရပ်ဟာ ကတိပေးပြီးသွားပြီးရင် ကတိကိုတည်ရပါတယ်။ ဘယ်ပြည်သူ့တွေ့ဆုံပွဲမှာမှ ဘယ်လုပ်ငန်း၊ ဘယ်စီမံကိန်းကိုမှ ကတိမပေးခဲ့ပါ။ ကျွန်တော်ဘာပြောသလဲဆိုရင် စီမံဖော်ဆောင် ပေးနိုင်အောင် လျာထားပေးပါ့မယ့်။ ကျွန်တော်ကြိုးစားပေးမယ်။ လုပ်စရာတွေက အများကြီးရှိတယ်။ တစ်ခါတည်းနဲ့ လုပ်လို့ရတဲ့ကဏ္ဍတွေရှိတယ်၊ လုပ်လို့မရတဲ့ကဏ္ဍတွေရှိပါတယ်။ ပြည်သူတွေအနေနဲ့ ဒေသလိုအပ်ချက်များကို တင်ပြကြမှာပဲဖြစ်ပါတယ်။ ရွာတွင်းလမ်းကအစ တင်ပြမှာဘဲဖြစ်ပါတယ်။ တင်ပြမှုများအပေါ် ဆောင်ရွက်ပေးနိုင်မယ့်အတိုင်းအတာကို ကိုယ်စားလှယ်တော်ကြီးတွေ နားလည်တယ် ဆိုတာ ယုံကြည်ပါတယ်။ ကျွန်တော်တို့အစိုးရကလည်း ဘယ်တော့မှ ကတိမပေးဘူး။ (၁၀)မိုင် လောက်ရှိတဲ့လမ်း (၁)လမ်းကို ဒီနှစ်အပြီးလုပ်ပေးစေချင်တာမှာ ကျွန်တော်ကြိုးစားပေးမယ်၊ ဒါပေမယ့် တစ်ကန့်ချင်းသွားလို့ရရင်တစ်ကန့်ချင်းသွားမှာပေါ့။ (၁၀)မိုင်လောက်ရှိတဲ့လမ်းကို (၁) နှစ်တည်း လုပ်ပေးလို့ရချင်မှရမှာပေါ့။ ဒီလိုတစ်ဆင့်ချင်း သွားရမယ့်အနေအထားလေးတွေကိုလည်း ကိုယ်စားလှယ်တော်ကြီးများက ပြည်သူတွေကို ပြန်လည်ချပြရှင်းလင်းပေးစေလိုပါတယ်။ အစိုးရအဖွဲ့နဲ့ ထိထိမိမိပူးပေါင်းမယ်ဆိုရင် အဖြေဆိုတာ ထွက်လာမှာဖြစ်ပါတယ်။ လွှတ်တော်ရယ် အစိုးရရယ်ဆိုတာ ပြည်သူအတွက်အင်မတန်မှ အားကိုးရတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ လွှတ်တော်က အလေးထားသလို ကျွန်တော်တို့အစိုးရအဖွဲ့ကလည်း အလေးထားပါတယ်။ လွှတ်တော်နဲ့အစိုးရဟာလည်း သွေးသောက် တွေဖြစ်ပါတယ်။ ရည်မှန်းချက်ချင်းတူညီတဲ့အဖွဲ့(၂)ခုဟာ အများပြည်သူအကျိုးအတွက် နောင်များမှာ ဒီထက်မက ဟန်ချက်ညီညီနဲ့ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့တွေ လိုလားတဲ့ ပြောင်းလဲမှုတစ်ခုကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ နိဂုံးချုပ်အနေကတော့ အနာဂတ်အတွက် မှန်ကန်တဲ့ပြုပြင်ပြောင်းလဲမှုတွေကို လုပ်နိုင်ဖို့ဆိုရာမှာ ဘယ်လိုပုံစံမျိုးနဲ့လုပ်မလဲဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအေးချမ်း လုံခြုံစွာနဲ့ လက်တွဲနေထိုင်နိုင်ရေးအတွက် အဓိက ဦးတည်ချက်ထားရပါမယ်။ ဒီလိုဦး တည်ချက်ထားတဲ့နေရာမှာ နိုင်ငံသူ၊ နိုင်ငံသားများရဲ့ အကျိုးကို အမြင်ကျယ်ကျယ် မှန်မှန်ကန်ကန်ကန် ရဲရဲရင့်ရင့်သတ္တိရှိရှိ စေတနာမေတ္တာထားပြီးလုပ်ကို လုပ်ကြ ရပါမယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် ကျွန်တော်အပါအဝင်၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် တော်ကြီးများအားလုံးက နိုင်ငံအကျိုးအတွက်အစိုးရ၊ လွှတ်တော်၊ ဌာနများက ယခုထက်မက ကောင်းမွန်သထက်ကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်းဖော်ဆောင်ပေးကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။