26
Jan

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပပြီးစီး

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၂၆)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ကယား ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
(၁၁)ဦး၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃)ဦး၊ ဗမာတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း(၁၅)ဦးတက်ရောက်ခဲ့ပြီး အစည်းအဝေးမတက်ရောက်နိုင်၍ ခွင့်ပန်ကြားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃)ဦးနှင့် တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၂)ဦးရှိသည့်အတွက် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း(၇၅)ရာခိုင်နှုန်း တက်ရောက်ကြပါသည်။

‌‌အစည်းအဝေးတွင် မေးခွန်း(၃)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဥ်း၍ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး က ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်း၊ အဆိုပါငွေစာရင်းများနှင့် စပ်လျဥ်း၍ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီမှ အစီရင်ခံစာဖတ်ကြားရှင်းလင်းတင်ပြခြင်းနှင့် အကြံပြုဆွေးနွေး လိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ကယားပြည်နယ်၏ အသေးစားငွေချေးလုပ်ငန်းဥပဒေကြမ်းနှင့် စပ်လျဥ်း၍ ပြင်ဆင်ချက်အဆိုကို ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးက ပြည်နယ်လွှတ်တော် သို့ တင်သွင်းခြင်း၊ ၎င်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းကို
(၂၇-၁-၂၀၂၁) ရက်နေ့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခြင်းတို့ ဆောင်ရွက် ခဲ့ပြီး ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့) ကို (၁၀း၄၅) နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။