27
Jan

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပပြီးစီး

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ကယားပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၁)ဦး၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃)ဦး၊ ဗမာတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း (၁၅)ဦးတက်ရောက်ခဲ့ပြီး အစည်းအဝေး(ပထမနေ့)က ခွင့်ပန်ကြား၍ ခွင့်ပြုထားသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၃)ဦးနှင့် တပ်မတော်သားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၂)ဦးရှိသည့်အတွက် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း(၇၅)ရာခိုင်နှုန်း တက်ရောက်ကြပါသည်။

အစည်းအဝေးတွင်  ‌‌မေးခွန်း(၃)ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သောဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဥ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း   ကြေညာခဲ့သော်လည်း အမည်စာရင်းတင်သွင်းထားခြင်းမရှိသည့်အတွက် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ ကယားပြည်နယ်၏  အသေးစားငွေချေးလုပ်ငန်းဥပဒေကြမ်းနှင့် စပ်လျဥ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းခြင်းအပေါ် ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊ ၎င်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍  ဥပဒေကြမ်းတစ်ရပ်လုံးကို ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းထားသော ကော်မတီများနှင့်အဖွဲ့တို့၏ သက်တမ်းကုန်ဆုံးကြောင်း ကြေညာခြင်း၊ ကယားပြည်နယ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေ အရ၊ အသုံးစာရင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ပြည်နယ်စာရင်းစစ်ချုပ်က ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်း၊ အဆိုပါအစီရင်ခံစာနှင့် စပ်လျဥ်း၍ ဆွေးနွေးခြင်းနှင့် မှတ်တမ်းတင်ခြင်းကို နောင်လွှတ်တော်အစည်းအဝေးများတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာခြင်းနှင့် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်သို့ နှုတ်ဆက်အမှာစကားပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော်(၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို (၁၁း၂၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။