13
May

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပ

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၁၀ နာရီက ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကယားပြည်နယ်ဝန်ကြီးချုပ်မှ အဆိုပြုပေးပို့လာသော ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးအမည်စာရင်းကို ပြည်နယ် လွှတ်တော်သို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ က တင်ပြပြီး ယင်းအမည်စာရင်းနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်းကြေညာသည်။

ဆက်လက်၍ လွိုင်ကော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်က ဘီလူးချောင်းကမ်းနားလမ်းပြိုကျမှုအား မည်သည့်အချိန်တွင် ပြန်လည်ပြုပြင် ပေးမည်ကို သိရှိလိုကြောင်း၊ လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်ရှိ ဟော်ကြီးကျောင်းသို့သွားရာ မင်္ဂလာလမ်းအား နိုင်လွန်ကတ္တရာ(AC)လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ကယားပြည်နယ် စည်ပင် သာယာရေးနိမိတ်အတွင်းရှိ ကြော်ငြာဆိုင်းဘုတ်များနှင့် ပတ်သက်၍ အခွန်ကောက်ခံမှု အခြေအနေနှင့် လွိုင်ကော်-ရှားတောလမ်းမကြီးမှ ဝမ်ကွန်ကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသောလမ်းအား ကျောက်ချောလမ်းအဆင့်မှ ကတ္တရာလမ်းအဖြစ် အဆင့်မြင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးခွန်းများကို မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ထို့နောက် မယ်စဲ့မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ဘီလူးချောင်း(ရှမ်းပိုင်း)သံဘောင်တံတားပေါ်တွင် ခင်းထားသော ကတ္တရာ လမ်းအား ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ မြန်မာ့မီးရထားလုပ်ငန်း လွိုင်ကော် ဘူတာရုံပိုင်မြေအဖြစ် သိမ်းယူထားသော မြေများသည် တည်ဆဲမြေယာဥပဒေများ နှင့် အညီ သိမ်းယူထားခြင်း ဟုတ်/မဟုတ် တိကျမှန်ကန်စွာ သိရှိလိုကြောင်း၊ အမတ(၃၅၆) တပ်မြေ ဧရိယာ အမှတ်အသားအတွင်းမှ ပုံစံ(၇) ရရှိပြီးဖြစ်သော တောင်သူများ၏ ယာမြေကိစ္စသိရှိ လိုကြောင်း၊ ကယားပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီး၌ တစ်နိုင်တစ်ပိုင် အော်ဂဲနစ် စိုက်ခင်းများ ထူထောင်၍ ပြည်နယ်ပြည်သူလူထုအကျိုးရှိအောင် သက်ဆိုင်ရာဌာနအနေဖြင့် ဆောင်ရွက်ပေးရန် ရှိ/မရှိ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ်အစိုးရအဖွဲ့အနေ ဖြင့် ငွေလုံးငွေရင်းနှင့် သာမန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်က နောက်ဆုံးညွှန်ကြား ထားသော တင်ဒါလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ဆောင်ရွက်ခြင်း မရှိပါက ထိရောက်ပြတ်သားစွာ အရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့် ကယားပြည်နယ်အတွင်းရှိ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းဆောင်သည့် လုပ်ငန်းရှင်များနှင့် ပြည်သူလူထုအား အခွန်ထမ်းဆောင်ခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်း များအား မြို့နယ် အားလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ပညာပေးဆောင်ရွက် ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးခွန်းများကို မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီး များက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ယင်းနောက် ကယားပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မနုမနော(ကော်ယော်) တိုင်းရင်းသားစာပေအား သင်ကြားခွင့်ပြုနိုင်ရေး အဆိုအား လွှတ်တော်သို့ တင်သွင်းခြင်း၊ ကယားပြည်နယ် ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)၊ တောင်သူ လယ်သမားများ၏ စိုက်ပျိုးရေး ချေးငွေ၊ စုငွေဥပဒေ(မူကြမ်း)နှင့် ကယားပြည်နယ် စည်ပင် သာယာရေးအဖွဲ့များ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)တို့အား ပြည်နယ်လွှတ်တော်တွင် အတည်ပြုချက်ရယူနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ပြည်နယ်ဝန်ကြီးများက ပြည်နယ်လွှတ်တော်သို့ တင်သွင်းပြီး ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေငြာသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကော်မတီဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အဆိုပါ ကော်မတီ၏ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ အဖွဲ့ဝင်ဦးရေ၊ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းများနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးနိုင်ကြောင်း ကြေညာ သည်။

++++++++++++++++++++++++++++++++++

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကို ယနေ့ နံနက် ၁၀ နာရီက ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ဆက်လက် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ကယားပြည်နယ်ဝန်ကြီးချုပ်မှ အဆိုပြု ပေးပို့လာသော ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအမည်စာရင်းနှင့် စပ်လျဉ်း၍ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက အကြံပြု ဆွေးနွေးပြီး ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း ၁၂ ခု မေးမြန်းကြပြီး သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက မေးမြန်းချက်အပေါ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။ ထို့နောက် ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာ အောင်ကျော်ဌေး၏ ကယားပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မနုမနော (ကော်ယော်)တိုင်းရင်းသားစာပေအား သင်ကြားခွင့်ပြုနိုင်ရေး အဆိုနှင့်စပ်လျဉ်း၍ ပြည်နယ် လွှတ်တော်၏ အဆုံးအဖြတ် ရယူဆောင်ရွက်သည်။

ယင်းနောက် ကယားပြည်နယ်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)၊ တောင်သူ လယ်သမားများ၏ စိုက်ပျိုးရေး ချေးငွေ၊ စုငွေ ဥပဒေ(မူကြမ်း)၊ ကယားပြည်နယ် စည်ပင်သာယာရေး အဖွဲ့များ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) တို့နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ် ရယူဆောင်ရွက်သည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင် ဦးရေ၊ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့၏ အမည်စာရင်းများ၊ ကော်မတီ၏ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များနှင့် စပ်လျဉ်း၍ ပြည်နယ် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ (၃) နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ တင်ပြခြင်းနှင့် ပြည်နယ် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း၊ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့၏ (၃) နှစ်တာ လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာ တင်ပြခြင်းနှင့် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းများကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက် များ စိစစ်ရေးကော်မတီ တို့အား ပြင်ဆင်ဖွဲ့စည်းခြင်း၊ သက်တမ်းတိုးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

+++++++++++++++++++++++++++++++++++++++++

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး
တတိယနေ့ ကျင်းပ

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီက ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လေးဦးနှင့် တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးတို့က မေးခွန်း ၁၃ ခု မေးမြန်းကြပြီး သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက မေးမြန်းချက်အပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်၍ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေနှင့် စုငွေ ဥပဒေ (မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာ တင်ပြခြင်း၊ ဥပဒေ (မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက အကြံပြု ဆွေးနွေးခြင်းများကို ဆောင်ရွက်ကြသည်။

ထို့နောက် ကယားပြည်နယ်အတွင်း အမှိုက်နှင့် အညစ်အကြေးများကို စွန့်ပစ်ခြင်း၊ သိမ်းဆည်းခြင်းတို့နှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးဆိုင်ရာ ကြီးကြပ်စီမံခန့်ခွဲရေးနည်းဥပဒေ အား အတည်ပြုကြောင်း ကြေညာပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်