14
May

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး

လွိုင်ကော် ဇွန် ၂၅

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကို ယနေ့နံနက် (၁၀း၀၀)နာရီအချိန်တွင် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်လာသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက မေးခွန်း (၈) ခုနှင့် အဆို (၂) ခု မေးမြန်းဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ ပေးပို့လာသော သဝဏ်လွှာပါ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့အသီးသီးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတစ်ခု တိုးချဲ့ ဖွဲ့စည်းလိုခြင်းကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး က ပြည်နယ်လွှတ်တော်သို့တင်ပြခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက လွိုင်ကော်မြို့ပေါ်တွင် လူငယ်များအုပ်စုဖွဲ့၍ ရမ်းကားနေမှုများ၊ လူသေသည်အထိ ရန်ဖြစ်ရိုက်နှက်နေမှုများကို ထိန်းချုပ်ရန် မည်ကဲ့သို့စီမံဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း၊ ကယားပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ကျေးရွာများနှင့် တိုင်းရင်းသားအမည်မှန် ပြန်လည်ပြောင်းလဲသတ်မှတ်ခြင်း၊ လွိုင်ကော်မြို့ပေါ်ရှိ အချို့ရပ်ကွက်များတွင် လောင်းကစားဝိုင်းများ ပပျောက်သွားမှုမရှိသည့်အပြင် ကျောင်းသားများပါ ဝင်ရောက်ကစားနေကြသည်ကို တွေ့ရှိရသဖြင့် အဆိုပါကိစ္စအား ထိရောက်စွာအရေးယူဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိ သိရှိလို ကြောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ်(၁/၂၀၁၇) တင်ဒါလုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီ ခြင်း ရှိ/ မရှိ သိရှိလိုကြောင်း၊ e-Government အတွက် လျာထားငွေမှ မည်သည့်အသုံးစရိတ်များ သုံးစွဲသည်ကို သိရှိလိုကြောင်း၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်နှင့်စပ်လျဉ်း၍ သိရှိလိုကြောင်း၊ ကယားပြည်နယ်လွှတ်တော်ရုံး အရှေ့မျက်နှာစာနှင့် ဘေးနှစ်ဖက်တွင် ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လိုင်နင် ရေမြောင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရေစီးရေလာကောင်းမွန်မှုရှိစေရန် မည်ကဲ့သို့ လုပ်ကိုင်ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း၊ လွိုင်ကော်မြို့ နောင်ယား(က)ရပ်ကွက် ကန္ဒရဝတီလမ်းမကြီးနှင့် ဆက်သွယ်ထားသော လမ်းသွယ်(၁၁)လမ်းရှိ လမ်းမီးတိုင်များ မီးလင်းရေးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးခွန်းများကို မေးမြန်းကြပြီး သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဦးခင်မောင်ထွန်းနှင့် မယ်စဲ့မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ဦိးအောင်နိုင်ဦး တို့က ပြည်နယ်လွှတ်တော်သို့ ကယားပြည်နယ်အတွင်း လယ်ယာမြေကို အခြားနည်းလမ်း အသုံးပြုခွင့်မရရှိဘဲ အကွက်ရိုက်ရောင်းချသူများ၊ အဆောက်အဦ ဆောက်လုပ်နေမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည့်ကိစ္စတို့အား လျင်မြန်ထိရောက်စွာ အရေးယူဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်းအဆိုနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ပိုင် ယာဉ်ယန္တရားများအား လေလံစနစ်ဖြင့် အမြန်ဆုံးရောင်းချ၍ ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ထည့်သွင်းပေးရန် တိုက်တွန်းကြောင်းအဆိုကို ပြည်နယ် လွှတ်တော်သို့တင်ပြပြီး အဆိုအား လက်ခံဆွေးနွေးရန် သင့်/မသင့် အဆုံးအဖြတ်ရယူသည်။

ယင်းနောက် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမော်မော် က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းတွင် ထပ်မံတိုးမြှင့်သည့် လျာထားချက် စာရင်းအား ပြည်နယ်လွှတ်တော်တွင် အတည်ပြုချက်ရယူနိုင်ရေး တင်ပြပြီး ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း ၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာတင်ပြခြင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကယား ပြည်နယ်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် ထပ်မံတိုးမြှင့်သည့် လျာထားချက်စာရင်းနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ၏ အစီရင်ခံစာတင်ပြခြင်းများကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကို နေ့လယ် (၁၂း၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။


ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ဆက်လက်ကျင်းပ

================================================================

လွိုင်ကော် ဇွန် ၂၆

================================================================

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို ယနေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သတ္တုတူးဖော်ထုတ်လုပ်ခွင့် လျှောက်ထားဆဲကာလ(အကြီးစား/ အလတ်စား/ အသေးစား/ လက်လုပ်လက်စား)အတွင်း သတ္တုတူးဖော် ထုတ်လုပ်နေမှုနှင့်ပတ်သက်၍ သိရှိလိုကြောင်း၊ Third Party (QC) အဖွဲ့များနှင့်စပ်လျဉ်း၍ မည်ကဲ့သို့ စီမံဆောင်ထားသည်ကို သိရှိလိုကြောင်း၊ လွိုင်ကော်မြို့နယ်တရားရုံးတွင် ကျမ်းကျိန်ခအဖြစ် ပေးဆောင်ရ သော ငွေကျပ်သုံးသောင်းသည် နိုင်ငံတော်၏အခွန်ကဏ္ဍကို မည်သည့်အပိုင်းမှ ဖြည့်ဆည်းဆောင်ရွက် ပေးသည်ကို သိရှိလိုကြောင်း၊ ကယားပြည်နယ်အတွင်း အခွန်ကောက်ခံမှုကို စနစ်တကျစီမံဆောင်ရွက် သွားရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း၊ ဖရူဆိုမြို့နယ် တော်ခူကျေးရွာအုပ်စု ပလဲ့လယ်ကျေးရွာ၊ နန်းခွီးခိုကျေးရွာနှင့် ပလိုဒေးခိုကျေးရွာများအတွက် ရေသွယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုကြောင်း၊ တောင်သူများ၏ ဒေသထွက်ကုန်အား ဈေးကွက်ဖန်တီးပေးနိုင်ရေး၊ လုပ်ငန်းခွင်အတွင်း အသက်ဆုံးရှုံးခဲ့သော အလုပ်သမားများ၏ နစ်နာကြေး၊ လျော်ကြေးကိစ္စ၊ ဝန်ထမ်းခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုကြောင်း မေးခွန်းများကိုမေးမြန်းပြီး သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက မေးမြန်းချက်အပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်၍ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်မောင်ထွန်း တင်ပြသော ကယားပြည်နယ်အတွင်း လယ်ယာမြေကို အခြားနည်းလမ်းအသုံးပြုခွင့်မရရှိဘဲ အကွက်ရိုက်ရောင်းချသူများ၊ အဆောက်အဦ ဆောက်လုပ်နေမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည့်ကိစ္စတို့အား လျင်မြန်ထိရောက်စွာ အရေးယူဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်းအဆိုနှင့် မယ်စဲ့မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအောင်နိုင်ဦး တင်ပြသော ကယားပြည်နယ်အစိုးရအဖွဲ့ပိုင် ယာဉ်ယန္တရားများအား လေလံစနစ်ဖြင့် အမြန်ဆုံးရောင်းချ၍ ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ထည့်သွင်းပေးရန် တိုက်တွန်းကြောင်း အဆိုများကို သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးကာ လွှတ်တော်၏ အဆုံးအဖြတ်ရယူဆောင်ရွက်ခဲ့သည်။

ထို့နောက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းတွင် ထပ်မံတိုးမြှင့်သည့် လျာထားချက်စာရင်းများကို လွှတ်တော်၏ အဆုံးအဖြတ်ရယူဆောင်ရွက်ခဲ့ကြပါသည်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို နံနက် (၁၁း၃၀) နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။