15
May

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး(ပထမနေ့) (၈-၂-၂၀၁၆) ရက်နေ့၌ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး(ပထမနေ့) (၈-၂-၂၀၁၆) ရက်နေ့၌ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း

လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်များအားလုံး ကာယသုခ၊ စိတ္တသုခနှင့် ပြည်စုံ ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ကျွန်တော် တို့ဟာ စစ်မှန်သော ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ ပြည်သူများ မျှော်လင့်တောင့်တနေတဲ့ နိုင်ငံတော်အေးချမ်းသာယာရေး၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကယားပြည်နယ်သူ/ ပြည်နယ်သား များက ၎င်းတို့ကိုယ်စား လုပ်ပိုင်ခွင့်အပ်နှင်း ခြင်းခံရတဲ့ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။

လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်တို့ဟာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည် နှင့်အညီ မိမိတို့ရဲ့ အပြောအဆို၊ အပြုအမူ၊ အနေအထိုင်၊ အကျင့်စရိုက်တို့ကလည်း အလွန်အရေးကြီး ပါတယ်။  မိမိတို့ရဲ့ တွေးခေါ်ကြံဆပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာ ပြည်နယ်သူ/ ပြည်နယ်သားတွေ အတွက် စံနမူနာကောင်းတွေ ဖြစ်စေချင်ပါတယ်။

ကျွန်တော်တို့အားလုံးဟာ ပြည်သူ့အကျိုးစီးပွားနဲ့ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးကာ မိမိကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် လွှတ်တော်ရဲ့ဂုဏ်ဒြပ် ပိုမိုမြင့်မားတင့်တယ်လာအောင် စွမ်းဆောင်ကြစေလိုပါတယ်။ ကိုယ်စားလှယ် များခင်ဗျား။ နိုင်ငံတော်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ အာဏာကြီး(၃)ရပ် အနက် လွှတ်တော်၏ အဓိကတာဝန်ဟာ ဥပဒေပြုရေးဖြစ်ပါတယ်။

ဥပဒေပြုသူသည် ဥပဒေကို မချိုးဖောက်ရဆိုတဲ့စကားနဲ့အညီ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းတို့ကို လေ့လာဖတ်ရှုပြီး စည်းကမ်းလိုက်နာခြင်းဖြင့် ကိုယ်စားလှယ်များ၏ဂုဏ်ရည်ကို ပြသစေလိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။

ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို ကျွန်တော့်အား ပေးအပ်လိုက်တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒီတာဝန်ကို ကျွန်တော့်အနေဖြင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေကြတဲ့ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုကြီးကို ပုံဖော်ထုဆစ်နိုင်ရန် အတွက် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အဂတိတရား ကင်းရှင်းစွာဖြင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ပါကြောင်း လေးနက် တည်ကြည်စွာ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။