15
May

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး(စတုတ္ထနေ့) (၃၁-၃-၂၀၁၆) ရက်နေ့၌ ပြည်နယ်ဝန်ကြီးချုပ်မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး(စတုတ္ထနေ့) (၃၁-၃-၂၀၁၆) ရက်နေ့၌ ပြည်နယ်ဝန်ကြီးချုပ်မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း

ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကိုတက်ရောက်လာကြတဲ့ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်တကွပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျွန်တော်ကတော့ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအယ်လ်ဖောင်းရှို ဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့ကို ပြည်နယ်အတွင်းမှာရှိတဲ့ပြည်သူများကထောက်ခံဆန္ဒပြုပြီးပြည်သူ့ကိုယ်စားလှယ်များအဖြစ်ရွေးချယ်တင်မြှောက်ပေးခဲ့ကြတဲ့အတွက်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကိုယ်စား ပြည်နယ်သူ/ ပြည်နယ်သားအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါ တယ်။

ကျွန်တော့်ကိုဝန်ကြီးချုပ်အဖြစ်ခန့်အပ်တာဝန်ပေးအပ်တဲ့နိုင်ငံတော်သမ္မတကြီးနဲ့ဆန္ဒပြုတင်မြှောက်ပြီးအတည်ပြုပေးတဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအားလုံးကိုလည်းကျေးဇူး တင်ရှိပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ၂၀၁၁ခုနှစ်မှစတင်ပြီးပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ကိုစတင်လျှောက်လှမ်းခဲ့ပါတယ်။ယခုဆိုရင်ပထမအကြိမ်(၅)နှစ်သက်တမ်းကုန်ဆုံးပြီးဒုတိယအကြိမ် သက်တမ်းကို ကူးပြောင်းခဲ့ပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ဒုတိယအကြိမ်သက်တမ်းဟာ (၁-၂-၂၀၁၆) ရက်နေ့၌ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များတွင်လွှတ်တော်အစည်းအဝေးများကိုကျင်းပပေးခဲ့ရာယခုဆိုရင်နိုင်ငံတော်သမ္မတ၊ဒုတိယသမ္မတများ၊ပြည်ထောင်စုဝန်ကြီးများ၊ပြည်ထောင်စုအဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များနှင့်မိမိတို့ကယားပြည်နယ်တွင်လည်းဝန်ကြီးချုပ်၊လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ခန့်အပ်တာဝန်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဆက်လက်ပြီးလည်း ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များကို ရက်ပိုင်းအတွင်း ရွေးချယ်ခန့်အပ် တာဝန်ပေးသွားမည်ဖြစ်ပြီး ကျွန်တော်တို့အစိုးရအဖွဲ့ဟာ ပြည်နယ်အဆင့်အဖွဲ့အစည်းတွေမှာပါဝင်ဆောင်ရွက်ခွင့်ရရှိတော့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အဖွဲ့ရဲ့ကိုယ်စီတာဝန်ကျေပွန်မှု၊သစ္စာရှိမှုနှင့်ကယားပြည်နယ်သူ/ပြည်နယ်သားများအတွက်ဘဝလုံခြုံပြီးပိုမိုကောင်းမွန်တဲ့အနာဂတ်ကိုဖော်ဆောင်ပေးနိုင်မယ်လို့ယုံကြည်ပါကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့အဖွဲ့အားလုံးဟာလည်းပြည်သူတွေရဲ့ဆန္ဒနဲ့အညီတရားဝင်ရွေးချယ်တင်မြှောက်ခဲ့တဲ့အတွက်ကျွန်တော်တို့အနေနဲ့ပြည်သူတွေရဲ့အကျိုးစီးပွားကိုဦးထိပ်ပန်ဆင်ပြီးပြည်သူအားလုံးရဲ့လူနေမှုဘဝဘက်စုံတိုးတက်မြင့်မားရေးကိုကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကတိပြုပြောကြားလိုပါတယ်။

ကျွန်တော်တို့အစိုးရအနေဖြင့်အမျိုးသားရင်ကြားစေ့ရေး၊ပြည်တွင်းငြိမ်းချမ်းရေး၊ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးကိုရှေးရှုတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုပေါ်ပေါက်ရေးနဲ့ ပြည်သူများရဲ့ လူနေမှုဘဝအဆင့်အတန်းတိုးတက်မြင့်မားရေးတို့ကိုအကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုတဲ့ဥပဒေဘောင်အတွင်းကနေ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့တာဝန်ယူတဲ့အချိန်ကာလသက်တမ်းတစ်လျှောက်မှာအဂတိတရားကင်းစင်ရေး၊တရားဥပဒေစိုးမိုးရေးနဲ့တိုင်းရင်းသားများ၏ဘဝလုံခြုံမှုရှိရေးတို့ကိုအလေးပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒီနေ့ကစပြီးကျွန်တော်တို့ဟာဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံတော်၏ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊တရားစီရင်ရေးတွေအသီးသီးတာဝန်ထမ်းဆောင်နေချိန်မှာပါတီအကျိုး၊မိမိအဖွဲ့အစည်းအကျိုးထက်ပြည်သူများရဲ့ဆန္ဒ၊လိုလားချက်၊ပြည်သူများရဲ့အကျိုးစီးပွားကိုဦးထိပ်ထားဆောင်ရွက်ကြဖို့လိုအပ်ပါတယ်။သဘောထားကွဲလွဲမှုများကြားကတူညီတဲ့ဘုံအကျိုးစီးပွားကိုရှာဖွေပြီးမိမိတို့ပြည်နယ်နှင့်တိုင်းရင်းသားလူမျိုးအားလုံးအတွက်လက်တွဲကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ဒီမိုကရေစီသက်တမ်းဟာတစ်ခြားနိုင်ငံများနှင့်နှိုင်းယှဉ်ကြည့်ရင်အရမ်းကိုနုနယ်လှပါသေးတယ်။ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ကြီးလေးတဲ့တာဝန်များကိုစတင်ထမ်းဆောင်ချိန်မှာအားနည်းမှုတွေရှိနိုင်ပေမယ့်ကိုယ်တာဝန်ယူရမယ့်အခန်းကဏ္ဍများကို ပီပီပြင်ပြင်သိရှိပြီးနားလည်ကျွမ်းကျင်မှုရှိလာအောင်အမြဲတမ်းလေ့လာစူးစမ်းဖို့၊လိုအပ်တဲ့ကျွမ်းကျင်မှုပိုင်းဆိုင်ရာအကြံဉာဏ်တွေရယူဖို့၊အချင်းချင်းပူးပေါင်းညှိနှိုင်းတိုင်ပင်ပြီးစည်းစည်းလုံးလုံးလုပ်ကိုင်ကြဖို့လိုအပ်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ကိုထောက်ခံရွေးချယ်တာဝန်ပေးအပ်လိုက်တဲ့ပြည်သူများရဲ့စိတ်စေတနာအပေါ်တန်ဖိုးထားပြီးနိုင်ငံတော်၏တာဝန်၊ပြည်သူများရဲ့တာဝန်များကိုကျေပွန်စွာထမ်းရွက်သယ်ပိုးရင်းကယားပြည်နယ်သူ/ပြည်နယ်သားများရဲ့အနာဂတ်ဘဝသာယာလှပစည်ပင်ခန့်ညားအောင်တရားမျှတခြင်း၊လွတ်လပ်ခြင်းနဲ့ညီမျှခြင်းတည်းဟူသောလောကပါလတရားများကိုအခြေခံပြီးစစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးရေရှည်တည်တံ့အောငကျွန်တော်တို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကြိုးပမ်းဆောင်ရွက်သွားပါ့မယ်လို့ကတိပြုရင်းနိဂုံးချုပ်အပ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။