15
May

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့) (၇-၉-၂၀၁၆) ရက်နေ့၌ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အမှာစကားပြောကြားခြင်း

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့) (၇-၉-၂၀၁၆) ရက်နေ့၌ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အမှာစကားပြောကြားခြင်း

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကိုကျွန်တော့်အနေနဲ့အမှာစကားအနည်းငယ်ပြောကြားလိုပါတယ်။ပြည်နယ်လွှတ်တော်အစည်းအဝေးသို့တက်ရောက်လာကြသောပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ဖိတ်ကြားထားသောပုဂ္ဂိုလ်များ၏အားလုံးကိုကျန်းကျန်းမာမာစုံစုံညီညီတွေ့ရတဲ့အတွက်များစွာဝမ်းသာပါတယ်။ကျွန်တော်တို့နိုင်ငံတွင်ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးလျက်ရှိရာနိုင်ငံတော်ကိုဥပဒေပြုရေးအာဏာ၊အုပ်ချုပ်ရေးအာဏာ၊တရားစီရင်ရေးအာဏာတို့ဖြင့်ပိုင်းခြားခွဲဝေကျင့်သုံးလျက်ရှိပြီးပြည်နယ်လွှတ်တော်အနေဖြင့်ဥပဒေပြုရေးအာဏာကိုကျင့်သုံးလျက်ရှိပါတယ်။ပြည်နယ်လွှတ်တော်တွင်ပြည်သူ့အရေးကိစ္စရပ်များဆောင်ရွက်နိုင်ရန်အတွက်ရေးရာကော်မတီမျာဖွဲ့စည်းထားရှိပါတယ်။ဖွဲ့စည်းထားတဲ့ကော်မတီဝင်များအနေဖြင့်ပြည်သူလူထု၏သဘောဆန္ဒများကိုတရားဥပဒေနှင့်အညီဖြည့်ဆည်းပေးရန်တာဝန်ရှိပါတယ်။ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲတွင်အတွေ့အကြုံရှိပြီးသူများပါဝင်နေတာတွေ့ရသလိုအတွေ့အကြံမရှိသေးသူများကလည်းဥပဒေ၊နည်းဥပဒေများနှင့်အညီလေ့လာသင်ယူဆောင်ရွက်ရမှာဖြစ်ပါတယ်။ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်မြေပြင်အခြေအနေအမှန်တကယ်သိရှိမှသာလွှတ်တော်တွင်ပြည်သူတွေကိုယ်စားအရေးဆိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ကိုယ်စားလှယ်များကပြည်သူ့အသံကိုနားထောင်ကြရမှာဖြစ်ပါ တယ်။ ပြည်သူတွေကြားသွားနေရမှာဖြစ်ပါတယ်။ပြည်သူတွေကအားကိုးယုံကြည်သူတွေဖြစ် အောင်ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ကျွန်တော်တို့ပြည်နယ်အတွင်းတရားဥပဒေစိုးမိုးမှု၊တရားမျှတမှု၊တန်းတူညီမျှမှု၊ခွဲခြားမှုမရှိရေးတို့နဲ့လူမျိုး၊ဘာသာ၊ယဉ်ကျေးမှုကွဲပြားခြင်းတို့ကိုလေးစားပြီးတိုင်းရင်းသားအားလုံးတန်းတူညီမျှစွာဖြင့်အသီးအပွင့်အကျိုးအမြတ်များကိုမျှဝေခံစားနိုင်တဲ့ပြည်နယ်တစ်ခုဖြစ်ပေါ်လာရေးမျှော်မှန်းပြီးကြိုးစားဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ကျွန်တော်တို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဟာတည်ငြိမ်အေးချမ်းပြီးဘဝလုံခြုံမှုရှိစေလိုတဲ့ရည်မှန်းချက်တူညီစွာဖြင့်ပြည်သူကိုဗဟိုပြုပြီးပြည်သူအတွက်အကောင်းဆုံးလုပ်ဆောင်ပေးခြင်းဖြင့်မွန်မြတ်တဲ့တာဝန်ယူမှုကိုကြိုးကြိုးစားစားဆောင်ရွက်သွားရမှာဖြစ်ပါတယ်။မေးခွန်းမေးလိုက်ရင်အောက်ခြေကိုဖြေခိုင်းပြီးဖတ်ပြတာမျိုးမဟုတ်ဘဲမေးတဲ့မေးခွန်းရဲ့အဖြေကိုသိအောင်ကိုယ်တိုင်ကွင်းဆင်းဖို့လိုပါတယ်။ယခင်အဆက်ဆက်မှာအောက်ခြေကလိမ်လို့ကျဆုံးခဲ့တာတွေသာဓကယူဖို့လိုပါတယ်။အခုလိုပြောရတာက လည်း ကိုယ်ကိုင်တဲ့ဝန်ကြီးဌာနကိစ္စကိုလွှတ်တော်မှာဖြေတဲ့အခါကိုယ်တိုင်သိမှဖြေတာ အကောင်းဆုံးပါ။မိမိကိုယ်ကိုလည်းမလိမ်ပါနဲ့၊ပြည်သူကိုလည်းမလိမ်ပါနဲ့၊လွှတ်တော်ကိုလည်းမလိမ်ပါနဲ့လို့ပြောကြားလိုပါတယ်။အစိုးရအဖွဲ့ထဲမှာမပါတဲ့လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့မိမိနယ်မြေဒေသအတွင်းမဲဆန္ဒနယ်ပြည်သူတွေနဲ့ထိတွေ့တဲ့အခါ၊ကွင်းဆင်းဆောင် ရွက်တဲ့ အခါမှာအစိုးရကိုအပြစ်ရှာတဲ့ သဘောမဆောင်ဘဲ အပြုသဘောနဲ့ ထောက်ပြကူညီမှုအနေနဲ့ ဆောင်ရွက်စေချင်သလို အစိုးရအဖွဲ့ကလည်း မိမိတို့ကိုယ်စား ပြည်သူနဲ့ ထိတွေ့ပြီးမဲဆန္ဒရှင်ပြည်သူတွေရဲ့ဆန္ဒများကို သယ်ဆောင်လာပေးတဲ့ လက်ဆောင်လို့သဘောထားစေချင်ပြီးဖြေကြားပေးစေချင်ပါတယ်။ လွှတ်တော်နဲ့ အစိုးရညီညွတ်မှုရှိမှသာ ပြည်နယ်ရဲ့အင်အား တစ်ရပ်ဖြစ်လာမှာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး အတူလက်တွဲထိန်းကျောင်းပြီး ပြည်နယ် အကျိုးပြုလုပ်ငန်းများကို အပေးအယူမျှတစွာနဲ့အပြန်အလှန်နားလည်မှုပြည့်ဝစွာဆောင်ရွက်သွားကြပါလို့တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။ အားလုံးကိုကျေးဇူးတင်ပါတယ်။