15
May

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(ဒုတိယနေ့) (၃၀-၈-၂၀၁၇) ရက်နေ့၌ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်း

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(ဒုတိယနေ့) (၃၀-၈-၂၀၁၇) ရက်နေ့၌ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်း

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို ကျွန်တော့အနေနဲ့ နိဂုံးချုပ်အမှာစကား အနည်းငယ် ပြောကြားလိုပါတယ်။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ဒုတိယအကြိမ် ကယား ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးကို တက်ရောက်လာကြတဲ့ ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဧည့်သည်တော်များအားလုံးကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ ကြောင်း ဦးစွာနှုတ်ခွန်းဆက်သလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃၊ ပုဒ်မ ၂၆၇ ၊ ပုဒ်မ ၂၇၂၊ ပုဒ်မ ၃၁၁ များနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာလွှတ်တော် နည်းဥပဒေ ပုဒ်မ ၁၁၇ များအရ လွှတ်တော်ဆိုတာ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးချုပ်နဲ့ တရားသူကြီးများကို စွပ်စွဲပြစ်တင်အရေးယူခွင့် အာဏာရှိပါတယ်။ ထို့ပြင် တိုင်းဒေသကြီး/ ပြည်နယ် အဆင့် အုပ်ချုပ်ရေးအဖွဲ့နဲ့ တရားစီရင်ရေးအာဏာကို စစ်ဆေးထိန်းညှိပေးနိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာ လည်းရှိပါတယ်။ ဒါ့ကြောင့် ဒေသအစိုးရအဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ဘဏ္ဍာငွေတွေ အလဟဿ မဖြစ်စေရန် တာဝန်ရှိပါကြောင်း ပြောကြားလိုပါတယ်။ မိမိတို့၏ လွှတ်တော်ရေးရာကော်မတီတွေ အားကောင်းဖို့ လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့ဝင်တွေအနေနဲ့ လက်အောက်ဌာန များ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်း၊ ဥပဒေများကို လေ့လာရန်လိုအပ်ပါကြောင်း အဓိကအားဖြင့် ပြည်ထောင်စုဘတ်ဂျက်နှင့် ပြည်နယ်ဘတ်ဂျက်နှစ်ဖက်ခွသုံးနေသော ဌာနများတွင် ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့်မရှိစေရေး အထူးဂရုစိုက် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဖယ်ဒရယ် ဒီမိုကရေစီစနစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များ အားကောင်းမှသာ ပြည်ထောင်စုလွှတ်တော်ကို ကူညီထောက်ပံ့ပေးနိုင်မှာဖြစ်ပါကြောင်း၊ ဒေသတွေ အားကောင်းမှ လည်း ဖယ်ဒရယ်ဒီမိုကရေစီ အောင်မြင်မှာဖြစ်ပါကြောင်း၊ သက်ဆိုင်ရာအား ဒေသလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့်လည်း ကွင်းဆင်းပြီး မဲဆန္ဒရှင်များ၊ ဌာနဆိုင်ရာများနဲ့ ညှိနှိုင်းဆောင်ရွက် ဖို့ လိုမှာဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။ အစိုးရအဖွဲ့အနေနဲ့လည်း မိမိကြုံတွေ့နေရသည့် ဒေသတွင်း ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးပြဿာနာများကို ဖြေရှင်းရာတွင် နည်းမှန်လမ်းမှန်ဖြစ်အောင် ကြိုးစားသင့်ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဌာနများကို ဗဟိုချုပ်ကိုင်မှုလျော့ချဆောင်ရွက်ပေးမှ ဒေသတွင်းအစိုးရများက ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ပါသောကြောင့် ပြည်ထောင်စုသို့ တင်ပြတောင်းဆိုသင့် ပါကြောင်း၊ ကယားပြည်နယ်အစိုးရအနေဖြင့် တတ်နိုင်သည့်ဖက်မှ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ကို ဝန်ကြီးချုပ်ခရီးစဉ်တစ်လျှောက်မှာ ထောက်ပံ့နေရတာတွေ တွေ့နေရပါတယ်။ တကယ်ဆိုရင် ပြည်ထောင်စုက ဘတ်ဂျက်ကို ခွဲဝေနေတာကြောင့် အောက်ခြေမှာမလောက်တာ မပြည့်စုံတာတွေ ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ လွှတ်တော်အနေနဲ့လည်း ဖွံ့ဖြိုးရေးနှင့် ပတ်သက်ပြီး တတ်နိုင်သမျှ အစိုးရတင်ပြချက်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း တွေ့ရှိရပါတယ်။ ယခု ဖြည့်စွက်ဘတ်ဂျက်တွင် လည်း လွှတ်တော်အတွက် စိစစ်ချိန်အလွန်နည်းပါးပါကြောင်း၊ သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့ဝင် များမှလည်း မိမိတို့၏ ဒေသတွင်းအခက်အခဲကို ပြည်ထောင်စုသို့ တင်ပြ၍ နောင်မဖြစ်စေရန်နှင့် စိစစ်ချိန်လုံလောက်စွာပေးနိုင်ဖို့ တင်ပြသင့်ပါကြောင်း ပြောကြားလိုပါတယ်။ ဒေသအစိုးရအဖွဲ့ဝင် တွေအနေဖြင့်လည်း ဘတ်ဂျက်၊ ဖြည့်စွက်သဘောသဘာဝတွေကို သိနားလည်အောင် လေ့လာဖို့နဲ့ ကွင်းဆင်းကတည်းက ဘယ်ဘတ်ဂျက်၊ ဘယ်ဌာနက ဆောင်ရွက်ဖို့ကို တခါတည်း စဉ်းစားဆုံးဖြတ်ဖို့ လိုမှာဖြစ်ပါတယ်။ အခု တွေ့နေရတာကတော့ ဒေသအစိုးရအဖွဲ့ ခေါင်းစဉ်အောက်မှာ လုပ်ငန်းတွေ အကုန်စုပြုံထည့်ထားကြပြီး အကုန်လိုက်လုပ်နေသလို ဖြစ်နေပါကြောင်း၊ ဒါတွေကို သတိပြုဆင်ခြင် ပြောင်းလဲနိုင်ကြဖို့ လိုမှာဖြစ်ပါတယ်။ ဘတ်ဂျက်လျာထားခြင်းများကို သက်ဆိုင်ရာ လုပ်ငန်းဌာန အလိုက်သာ ဆောင်ရွက်ရမှာဖြစ်ပြီး အစိုးရအဖွဲ့က စီမံကြီးကြပ်ကွပ်ကဲရမှာဖြစ်ပါတယ်။ နိဂုံးချုပ် အနေနဲ့ ပြောကြားလိုတာကတော့ အခုလျော့ချလိုက်တဲ့ အသုံးစရိတ်ကြောင့် ဒေသအသုံးစရိတ်ကို လျော့သွားတယ်ဆိုပေမယ့် ပြည်ထောင်စုမှ ကယားပြည်နယ်သို့ ထောက်ပံ့ပေးငွေနှင့် ပြည်ထောင်စု လိုငွေကို လျော့ချပေးနိုင်မှာဖြစ်ပါတယ်။ ပြည်ထောင်စုကို တစ်ဖက်တစ်လမ်းကနေ ကူညီထောက်ပံ့ ပေးရာရောက်ပါတယ်။ သက်ဆိုင်ရာ ဌာနများကလည်း လွှတ်တော်မှ ခွင့်ပြုလိုက်တဲ့ငွေများအပေါ် တွင် စည်းမျဉ်းစည်းကမ်း၊ ဥပဒေများနဲ့အညီ အလေအလွင့်မဖြစ်အောင် သုံးစွဲဖို့ မှာကြားရင်း နိဂုံးချုပ် ပါတယ်။