13
May

ရှားတောမြို့နယ်၊ စ‌လောင်းစုစည်း တောင်တန်း သာသနာပြုကျောင်း၌ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရှားတော နိုဝင်ဘာ ၃

ရှားတောမြို့နယ် စ‌လောင်းစုစည်း တောင်တန်းသာသနာပြုကျောင်း၌ ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများမှ စုပေါင်းလှူဒါန်းပြုလုပ် သော မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၁ဝ) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားကို ပထမဦးစွာ ကြွရောက် လာကြကုန်သော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး ရှားတောမြို့နယ် စလောင်းစုစည်းမြရတနာကျောင်းမှ မြို့နယ်သံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တနန္ဒဝံသထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက် တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူသော မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုခဲ့ကြပြီး ကယားပြည်နယ် လွှတ်တော် ဥက္ကဌ ဦးလှထွေး က ကထိန် ဉတ်သင်္ကန်းကို ဆက်ကပ်ရာ မြို့နယ်သံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တနန္ဒဝံသ က ကထိနစီဝရဒါနမြောက်အောင် ညွှန်းပေးတော်မူခဲ့သည်။ ဆက်လက်၍ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး နှင့် ဇနီး၊ ကယားပြည်နယ် လွှတ်တော်ရုံး ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင် နှင့် အလှူရှင်များက လှူဘွယ်သင်္ကန်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် မြို့နယ်သံဃနာယက အကျိုးတော်ဆောင် စလောင်းစုစည်း သာသနာပြုကျောင်းဆရာတော် သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တနန္ဒဝံသ အရှင်သူမြတ်ထံမှ ကထိန်အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြသည်။ ၄င်းနောက် ပရိသတ်အပေါင်းတို့က ဆရာတော်သံဃာတော်များအား သြကာသ ကန်တော့ချိုးဖြင့် ပြန်လည်ရှိခိုးကန်တော့၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို အဓိဋ္ဌာန်ပြု၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူးဒါန်းခြင်းနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့အား နေ့လည်စာ ဧည့်ခံကျွေးမွေးခဲ့ကြသည်။
ယင်းအခမ်းအနားတွင် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းများ၊ ဌာနဆိုင်ရာအများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။